Pages

Subscribe:

Wednesday, April 22, 2015

ဘိုင်ယန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပျော်ရွှင်မှုအားလုံး ဆိတ်သုဉ်းသွားကြောင်း ပေါ်တိုခံစစ်မှူး အင်ဒီးဖွင့်ဟ



ဘိုင်ယန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပျော်ရွှင်မှုအားလုံး ဆိတ်သုဉ်းသွားကြောင်း ပေါ်တိုခံစစ်မှူး အင်ဒီးဖွင့်ဟ

ဘိုင်ယန်မြူးနစ်ကို အရှုံးကြီး ရှုံးလိုက်ခြင်းက ပျော်ရွှင်မှုအားလုံး နိဂုံးချုပ် ဆုံးခန်းတိုင်သွားစေခဲ့ကြောင်း ပေါ်တိုနောက်ခံလူ ဘရူနိုမာတင်စ် အင်ဒီးက ဝန်ခံပြောကြားခဲ့သည်။

ပေါ်တူဂီ ထိပ်တန်းကလပ်သည် အိမ်ကွင်းတွင် ဂျာမန်ချန်ပီယံတို့ကို (၃-၁)ဖြင့် အနိုင်ရထားခဲ့သော်လည်း ဂျာမန်မြေတွင် ကစားသည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့တွင်မူ (၆-၁)ဖြင့် ပြတ်ပြတ်သားသား အရေးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ဘိုင်ယန်သည် အိမ်ကွင်းတွင် အကောင်းဆုံး ခြေစွမ်းပြသွားပြီး ပထမပိုင်း ကတည်းက (၅-၀)ဖြင့် ဦးဆောင် ကစားနေခဲ့သည်။ နယ်သာလန် လက်ရွေးစင် အင်ဒီးက ယခုအရှုံးမျိုးသည် ပေါ်တိုအတွက် အလွန်ခါးသီးလွန်းကြောင်း ဖွင့်ဟခဲ့သည်။

၎င်းက “တကယ့်ကို ကြီးကျယ်တဲ့ ရှုံးပွဲမျိုးပါပဲ။ ကျွန်တော်တို့ အရမ်း စိတ်ပျက်မိပါတယ်။ ယုံကြည်မှု မြင့်မြင့်မားမားနဲ့ ကျွန်တော်တို့ ဒီပွဲကို လာကစားခဲ့တာပါ။ ဒါပေမဲ့ အခြေအနေတွေက မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲကုန်တယ်။ တစ်ဦးချင်း ဘောလုံးယှဉ်လုရင် ကျွန်တော်တို့က အောက်စည်းကချည်းပဲ။ ဘိုင်ယန်က ဒီအချက်ကို ပိုင်ပိုင်နိုင်နိုင် အခွင့်အရေးယူ အသုံးချသွားတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ နည်းနည်းတက်လာတယ်။ ဒါပေမဲ့ ဘိုင်ယန်က ကောင်းလွန်းပါတယ်။ ဒါက အထင်အရှားပါပဲ။ ထိပ်တန်းအဆင့် ဘောလုံးပြိုင်ပွဲတွေမှာ ဒါတွေက ကြုံရတတ်ပါတယ်။ အိမ်ကွင်းမှာတုန်းက သူတို့ရဲ့ အမှားတွေအတွက် ကျွန်တော်တို့က ဒဏ်ခတ်ခဲ့တယ်။ ဒီတစ်ပတ်မှာတော့ သူတို့က ကျွန်တော်တို့ကို ပြန်ပြီး ဒဏ်ခတ်သွားတယ်။ အခုအချိန်မှာတော့ ဘယ်လို ပျော်စရာ ကိစ္စမျိုးမှ မရှိတော့ပါဘူး”ဟု ပြောကြားခဲ့သည်။

ယခုပွဲတွင် တစ်လုံးတည်းသော သိက္ခာဆည်ဂိုးကို သွင်းယူခဲ့သည့် ပေါ်တို အသင်းခေါင်းဆောင် ယက်ဆင်မာတီနက်ဇ်က “အရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ ထိထိခိုက်ခိုက် ခံစားခဲ့ရတယ်။ ဘိုင်ယန်ဟာ အစစ အရာရာ ကျွန်တော်တို့ထက် ပိုသာခဲ့ပါတယ်။ ဒီပွဲက ကစားရတာ ခက်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ဒီထက်ပိုကောင်းခဲ့သင့်တယ် ထင်ပါတယ်”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment