Pages

Subscribe:

Thursday, April 30, 2015

ချယ်လ်ဆီး ကစားဟန် ပျင်းစရာကောင်းကြောင်း ဝေဖန်မှုများကို နဗီးလ် လက်မခံ



ချယ်လ်ဆီး ကစားဟန် ပျင်းစရာကောင်းကြောင်း ဝေဖန်မှုများကို နဗီးလ် လက်မခံ

ချယ်လ်ဆီး အသင်း၏ ကစားဟန်ကို ပျင်းရိငြီးငွေ့ဖွယ် ကောင်းကြောင်း ဝေဖန်မှုများသည် အဓိပ္ပါယ် မရှိကြောင်း ဂယ်ရီနဗီးလ်က ပြောကြားလိုက်သည်။
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့ပြီး ကစားသမားဘဝမှ အနားယူပြီးနောက် Sky Sportsတွင် ဘောလုံးအားကစား အစီအစဉ်မှူး အဖြစ် တာဝန် ယူနေသည့် နဗီးလ်က အသင်းတစ်သင်းသည် အောင်မြင်မှု အတွက် သင့်တော်ရာ နည်းစနစ်ကို ကျင့်သုံးခွင့်ရှိသည်ဟု ယူဆ ထားသည်။ ၎င်းက ချယ်လ်ဆီးသည် ၎င်းတို့၏ ကိုယ်ပိုင်ဟန်ဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းယူရန် အခွင့်အလမ်း အကောင်းဆုံး ဖြစ်နေသည်ကို ထောက်ပြခဲ့ပြီး ကစားဟန်က ဖျော်ဖြေမှု ပြည့်ဝပြီး အောင်မြင်မှုများနှင့် ဝေးကွာနေသည့် အရှုံးသမားမျိုးကို မည်သူမျှ အမှတ်တရ ရှိနေမည် မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
၎င်းက (၁၉၉၆)ခုနှစ်တွင် ဘောလုံးကို ဖျော်ဖြေမှုရသ ပြည့်ဝစွာ ကစားခဲ့သော်လည်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခွင့်နှင့် လွဲချော်ခဲ့သည့် နယူးကာဆယ်လ် ယူနိုက်တက်အကြောင်း ယနေ့တွင် မည်သူမျှ အဖက်လုပ်၍ ပြောမနေတော့ဟုလည်း ထောက်ပြခဲ့သည်။ “ချယ်လ်ဆီး ကစားဟန်ကို ဝေဖန်နေတာတွေဟာ လုံးဝ အဓိပ္ပါယ် မရှိပါဘူး”ဟု ချယ်လ်ဆီးက လက်ဆက်စတာစီးတီးကို (၃-၁)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်အပြီးတွင် နဗီးလ်က ပြောကြားခဲ့သည်။ ၎င်းက “(၁၉၉၆)ခုနှစ်တုန်းက ကီဗင်ကီးဂန်း ကိုင်ခဲ့တဲ့ နယူးကာဆယ်လ်ဟာ ဖျော်ဖြေမှု အကောင်းဆုံး ပေးခဲ့တယ်လို့ လူတွေက သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီ အသင်းအကြောင်း ဘယ်သူမှ သတိမရတော့ဘူး”ဟု ဆိုသည်။
နဗီးလ်က “လူတိုင်းက အောင်နိုင်သူတွေကိုသာ အမှတ်ရတတ်တာပါ။ ဘောလုံးရာသီ တစ်ခုလုံးကို အကောင်းဆုံး၊ ဖျော်ဖြေမှု အပြည့်ဝဆုံး ကစားပြပြီး ဖြတ်သန်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လိဂ်ပြိုင်ပွဲမှာ ညံ့ဖျင်းနုံချာတဲ့ ကာလမျိုးတွေလည်း ကြုံကောင်းကြုံမှာပါ”ဟုလည်း မှတ်ချက်ပြုသွားသည်။ အခြား Sky Sports ဘောလုံးအစီအစဉ်မှူး တစ်ဦးဖြစ်သည့် ဂျေမီရက်နက်ပ်ကလည်း “ချယ်လ်ဆီး ကစားပုံ ပျင်းစရာကောင်းကြောင်း လူတွေက ပြောကြတယ်။ ဒါပေမဲ့ အဲဒီလို ပျင်းစရာကောင်းပါတယ်ဆိုတဲ့ အသင်းမျိုးကို ချန်ပီယံဆုအတွက် ဘယ်အသင်းကမှ ဒီရာသီ စိန်မခေါ်နိုင်ခဲ့ဘူး။ မန်ချက်စတာစီးတီးဟာ နှစ်သစ်ကူး ကာလလောက်မှာ ချယ်လ်ဆီးနဲ့ ရမှတ်တူ ရပ်တည်ခဲ့ပေမယ့် နောက်ပိုင်း အဖျားရှူးသွားတယ်။ ချယ်လ်ဆီးဟာ ပြိုင်ဘက်တွေအပေါ်မှာ ပါဝါအားကောင်းကောင်းနဲ့ လွှမ်းမိုးထားခဲ့ပါတယ်။ တကယ်တမ်း ပျင်းစရာကောင်းတာက အဲဒီလို ဘက်မမျှတဲ့ အခြေအနေမျိုးသာ ဖြစ်ပါလိမ့်မယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment