Pages

Subscribe:

Sunday, April 26, 2015

ပရီးမီးယားလိဂ်သို့ တန်းတက် ဝဒ်ဖို့ဒ်အသင်းသားများ ကားပေါ်တွင် အောင်ပွဲခံ



ပရီးမီးယားလိဂ်သို့ တန်းတက် ဝဒ်ဖို့ဒ်အသင်းသားများ ကားပေါ်တွင် အောင်ပွဲခံ
Written by  အောင်ငြိမ်းသွေး

(အင်္ဂလန်)။ ။ ဝက်ဖို့ဒ်အသင်းသားများသည် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိခဲ့သည့်အတွက် အသင်း၏ကားပေါ်တွင် အောင်ပွဲခံခဲ့ကြသည်။

ဝက်ဖို့ဒ်အသင်းသည် ချန်ပီယံရှစ် ပွဲစဉ် ၄၅ တွင် ဘရိုက်တန် အသင်းကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် ၈၈ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သည်။ ဒုတိယနေရာမှ ဘုန်းမောက်၊ တတိယနေရာမှ မစ်ဒယ်ဘရော့တို့နှင့် လေးမှတ် စတုတ္ထနေရာမှ နောဝှစ်ခ်ျအသင်းနှင့် ငါးမှတ်ကွာဟလျက်ရှိသည်။

ဝက်ဖို့ဒ်အသင်း၏ ပွဲစဉ်မှာ အစောပွဲဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ပွဲအပြီးတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ရန် သေချာမှု မရှိသေးဘဲ အသင်း၏ကားဖြင့် ပြန်ခဲ့ကြသည်။ ထို့နောက် သုံးနာရီအကြာတွင် မစ်ဒယ်ဘရော့အသင်းက ဖူလ်ဟမ်အသင်းကို ၄-၃ ဂိုးဖြင့် ရှုံးခဲ့ပြီး နောဝှစ်ခ်ျမှာ ရော်သာဟမ်နှင့် သရေကျခဲ့သည့်အတွက် ပွဲစဉ်တစ်ပွဲ ကျန်သေးသော်လည်း ၀က်ဖို့ဒ်အသင်းမှာ ပရီးမီးယားလိဂ်သို့ တန်းတက်သွားခြင်း ဖြစ်သည်။ (ချန်ပီယံရှစ်မှာ ထိပ်ဆုံးနှစ်သင်းသည် တိုက်ရိုက်တန်းတက်ခွင့်ရပြီး အဆင့်သုံးမှ အဆင့်ခြောက်အထိ လေးသင်းမှာ ရှုံးထွက်ပြိုင်ပွဲကစားကာ ဗိုလ်စွဲသည့်တစ်သင်း တန်းတက်မည် ဖြစ်သည်။)

ထိုသတင်းကို ကြားပြီးနောက်တွင် ၀က်ဖို့ဒ်အသင်းသားများနှင့် အဖွဲ့ဝင်အားလုံးတို့သည် အပြန်ခရီး အသင်း၏ကားပေါ်မှာပင် ပါတီပွဲကျင်းပကာ အောင်ပွဲခံခဲ့ကြခြင်း ဖြစ်သည်။ ထိုအောင်ပွဲခံပုံများကို ဗီဒီယိုရိုက်ကူးကာ ချက်ချင်း လူမှုဝက်ဘ်ဆိုက်များပေါ်သို့ တင်ခဲ့ကြသည်။ အသင်းသား ဟိုဘန်က 'မယုံကြည်နိုင်သည့် အောင်ပွဲ' ဟု ရေးသားခဲ့သည်။

ယခုရာသီတွင် ဝက်ဖို့ဒ်အတွက် ခြေစွမ်းပြပြီး ဂိုး ၂၀ အထိ သွင်းယူပေးထားသည့် တိုက်စစ်မှူး အိုင်ဟာလိုက 'ပရီးမီးယားလိဂ်မှာ ကစားခွင့် ရမယ်ဆိုတာ တကယ်ကို အိပ်မက်ပါပဲ။ ပရီးမီးယားလိဂ်မှာ ကစားချင်တာကြောင့် အင်္ဂလန်ကို လာခဲ့တာပါ။ လက်ရှိမှာ ကျွန်တော်တို့အသင်းဟာ အဘက်ဘက်မှာ အကောင်းဆုံးဖြစ်နေပြီး ညီညွတ်မှုရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ရှင်သန်နိုင်မယ်လို့ ယုံကြည်ပါတယ်' ဟု ပြောသည်။

ဝက်ဖို့ဒ်အသင်းသည် ၂၀၀၆-၀၇ ရာသီပြီးကတည်းက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရခြင်း ဖြစ်ပြီး ရှစ်နှစ်အကြာတွင် တန်းပြန်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment