Pages

Subscribe:

Wednesday, April 29, 2015

ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းပင်လျှင် ကာဗာနီကို ရောင်းချမည် မဟုတ်ဟု ပီအက်စ်ဂျီ ဥက္ကဋ္ဌ ဆို



ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းပင်လျှင် ကာဗာနီကို ရောင်းချမည် မဟုတ်ဟု ပီအက်စ်ဂျီ ဥက္ကဋ္ဌ ဆို

မန်ချက်စတာ ယူနိုက်တက်က အက်ဒီဆင် ကာဗာနီကို ကမ်းလှမ်းရန် အသင့် ရှိနေသည်ဟု သတင်းများ ထွက်ပေါ် လာခဲ့ပြီးနောက် မိမိ၏ ကစားသမား အတွက် ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းပင်လျှင် စိတ်ဝင်စားမည် မဟုတ်ကြောင်း ပီအက်စ်ဂျီ ဥက္ကဋ္ဌ နက်ဆာ အယ်လ်ခီလိုင်ဖီက ပြောကြားလိုက်သည်။

ဥရုဂွေး လက်ရွေးစင် ကစားသမားသည် အိုးထရတ်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက် ခံခဲ့ရသော်လည်း လီဂူးဝမ်း ချန်ပီယံ အသင်း အနေဖြင့် အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးကို ရောင်းချရန် ဆန္ဒ မရှိကြောင်း ဆိုခဲ့သည်။

“အနာဂတ်နဲ့ ပတ်သက်ပြီး ကာဗာနီနဲ့ ကျွန်တော် ဆွေးနွေးမှု မလုပ်ရသေးပါဘူး။ သူက ငယ်ရွယ်သေးတဲ့ ကစားသမားပါ။ သူ့ရဲ့ အနာဂတ်ကလည်း ပီအက်စ်ဂျီမှာပဲ ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်း လာရင်တောင် ကျွန်တော် စိတ်မဝင်စားပါဘူး။ ကာဗာနီက ယုံကြည်မှု နည်းနည်း လိုအပ် ခဲ့တာပါ။ လိုင်လီနဲ့ ကစားခဲ့တဲ့ ပွဲမှာဆိုရင် အသင်းအတွက် နှစ်ဂိုး သွင်းခဲ့ပါတယ်” ဟု ခီလိုင်ဖီက ပြောကြားခဲ့သည်။

ထို့အပြင် ဇာလတန် အီဘရာဟီမိုဗစ်ခ်ျ အနေဖြင့် မေဂျာလိဂ်သို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိသည်ဟူသော ကောလာဟလ သတင်းများကိုလည်း ပီအက်စ်ဂျီ ဥက္ကဋ္ဌက ငြင်းဆို သွားခဲ့သည်။ ၎င်းက “အီဘရာဟီမိုဗစ်ခ်ျက လာမယ့်နှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေမှာပါ။ အဲ့ဒီအတွက် သံသယမရှိပါဘူး။ ၂၀၁၆ နောက်ပိုင်းမှာ သူဘာလုပ်မလဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ဒါကို ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ သူ့ကို့ ပီအက်စ်ဂျီရဲ့ ဘယ်လိုအခန်းကဏ္ဍမှာပဲ ဖြစ်ဖြစ် ဆက်ရှိနေစေလိုပါတယ်။ သူက ပေါ်လက်တာရဲ့ စံချိန်ကို ချိုးဖျက်ဖို့အတွက် ၅ ဂိုးပဲ လိုပါတော့တယ်။ ဒီစံချိန်ကို ဒီနှစ် ဘောလုံးရာသီမှာ ချိုးဖျက်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပီအက်စ်ဂျီ နည်းပြ လော့ရင့်ဘလန့်ခ် အနေဖြင့် ၎င်း၏ ရာထူးအတွက် စိုးရိမ်စရာ မလိုကြောင်း အယ်လ်ခီလိုင်ဖီက ဆိုခဲ့သည်။
“လာမယ့်နှစ် ဘောလုံးရာသီမှာ ဘလန့်ခ်က ပီအက်စ်ဂျီ နည်းပြအနေနဲ့ ဆက်ရှိနေပါလိမ့်မယ်။ လော့ရင်နဲ့ ပတ်သက်ပြီး ဆက်ဆံမှုတွေအပေါ် ကျွန်တော် အရမ်းကို စိတ်ပျက်မိပါတယ်။ ဝေဖန်မှုတွေက မမျှတပါဘူး။ ဒီနှစ် ဘောလုံးရာသီမှာ ကျွန်တော်တို့က ပြည်တွင်းဆုဖလား လေးလုံးကို ရယူနိုင်ပါတယ်။ ဒါဟာ သမိုင်းတွင်မယ့် အရာပါ။ ဘလန့်ခ်အနေနဲ့ ၁၉၉၈ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သလိုမျိုး စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဖလားလေးလုံး မရရင်လည်း ကျွန်တော့်ရဲ့ အမြင်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ပီအက်စ်ဂျီ ဥက္ကဋ္ဌက ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment