Pages

Subscribe:

Saturday, April 25, 2015

ဖာဘရီဂက်စ်ကို အာဆင်နယ် ထွက်ခွာခွင့် ပြုခဲ့သည့် အတွက် နောင်တရမိဟု ဝင်းဂါးဆို



ဖာဘရီဂက်စ်ကို အာဆင်နယ် ထွက်ခွာခွင့် ပြုခဲ့သည့် အတွက် နောင်တရမိဟု ဝင်းဂါးဆို

တစ်ချိန်က ဆက်စ်ဖာဘရီဂက်စ်ကို အသင်းမှ ထွက်ခွာခွင့် ပေးခဲ့မိခြင်းအပေါ် နောင်တရမိကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြားခဲ့သည်။
ဖာဘရီဂက်စ်သည် (၂၀၁၁)ခုနှစ်၊ နွေရာသီတွင် ၎င်း၏ ငယ်မွေးခြံပေါက် ကလပ်အသင်းဖြစ်သည့် ဘာစီလိုနာသို့ ပြောင်းရွှေ့သွားပြီး ထိုမှတစ်ဆင့် ပြီးခဲ့သည့် နွေရာသီ ဈေးကွက်အတွင်း ချယ်လ်ဆီးသို့ ရောက်ရှိလာသည်။ စပိန်လက်ရွေးစင် ကွင်းလယ်လူသည် ယခုသီတင်းပတ်ကုန်တွင် ကစားမည့် လန်ဒန်ဒါဘီ ပွဲစဉ်၌ အသင်းဟောင်း အာဆင်နယ်၏ အမ်းမရိတ်စ်ကွင်းတွင် ပြိုင်ဘက်အဖြစ် တစ်ကျော့ပြန် ခြေချလာမည် ဖြစ်သည်။ အသက်(၂၇)နှစ်ရှိ ဖာဘရီဂက်စ်သည် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်တစ်ကမ်း အလိုထိ နီးစပ်နေသည့် ချယ်လ်ဆီးအသင်းတွင် အဓိက အကျဆုံး ကစားသမား တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့သည်။
တနင်္ဂနွေနေ့ ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ၌ ဝင်းဂါးက “အသင်းကနေ ဖာဘရီဂက်စ် ထွက်သွားတဲ့ ကိစ္စမှာ ကျွန်တော် နောင်တရမိပါတယ်။ တကယ်ဆို ကလပ်အသင်းနဲ့ ကျွန်တော်ကိုယ်တိုင်က ဖာဘရီဂက်စ်ရဲ့ ဘဝမှ အပေါင်းလက္ခဏာဆန်ဆန် လွှမ်းမိုးမှုတွေ အများကြီး ရှိခဲ့တာပါ။ ကစားသမားတိုင်းမှာ ထိုက်သင့်တဲ့ လေးစားမှုတော့ ခံယူရထိုက်သင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဖာဘရီဂက်စ်လည်း အမ်းမရိတ်စ်ကို ပြန်ရောက်လာချိန်မှာ သူနဲ့ထိုက်တန်တဲ့ လေးစားမှုမျိုး ရထိုက်တယ် ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဝင်းဂါးသည် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုနှင့် အပြန်အလှန် စကားစစ်ထိုးမှုများ ရှိခဲ့ဖူးသော်လည်း ယင်းအချက်က လာမည့်ပွဲစဉ်အတွက် အရေးမကြီးဟု ဆိုသည်။ “အဲဒီကိစ္စတွေ ကျွန်တော် မပြောချင်ပါဘူး။ အခု ကျွန်တော်တို့ ပွဲကောင်းတစ်ခု ကစားရမယ်။ အင်္ဂလန် ဘောလုံးလောကအတွက် ဒီလိုပွဲကောင်းတွေ လိုအပ်ပါတယ်။ ဒီအခြေအနေမှာ မန်နေဂျာ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ပြောဆိုနေရမယ့် ကိစ္စမျိုး မဟုတ်ဘူး”ဟု ဝင်းဂါးက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment