Pages

Subscribe:

Saturday, April 25, 2015

ဈေးကြီးသဖြင့် ဟာဇက်ကို ခေါ်ယူရေးကိစ္စ လက်လျှော့ခဲ့ရဖူးကြောင်း ဝင်းဂါးဖွင့်ဟ



ဈေးကြီးသဖြင့် ဟာဇက်ကို ခေါ်ယူရေးကိစ္စ လက်လျှော့ခဲ့ရဖူးကြောင်း ဝင်းဂါးဖွင့်ဟ

အီဒင်ဟာဇက်ကို ဝယ်ယူရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ဈေးများလွန်းသဖြင့် မတတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဖွင့်ဟ ဝန်ခံခဲ့သည်။

(၂၀၁၂)ခုနှစ်က ပြင်သစ်ကလပ် လိုင်လီတွင် ဟာဇက် ကစားနေစဉ် အာဆင်နယ်က ချဉ်းကပ်မှု ပြုလုပ်ဖူးသော်လည်း အဆင်မပြေခဲ့ဟု ပြင်သစ်သား မန်နေဂျာကြီးက ပြောကြားခဲ့သည်။ ထို့နောက်ပိုင်းတွင် ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ်မှူးသည် ချယ်လ်ဆီးသို့ ပြောင်းရွှေ့သွားပြီး ယခုအခါ ပရီးမီးယားလိဂ်၏ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် တောက်ပလာခဲ့သည်။ အသက်(၂၄)နှစ်ရှိ ဟာဇက်သည် တနင်္ဂနွေနေ့ညတွင် ကစားမည့် လန်ဒန်ဒါဘီ၌ အစ်တီဟတ်တွင် အာဆင်နယ်ကို ပြိုင်ဘက်အသွင် ရင်ဆိုင်မည် ဖြစ်သည်။

ဝင်းဂါးက တစ်ချိန်က မိမိသည် ဟာဇက်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ချယ်လ်ဆီးကဲ့သို့ ပေါင်စတာလင် (၃၂)သန်း ပေးချေနိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။ “အဲဒီအတွက်တော့ ကျွန်တော် အရမ်းနောင်တရနေတာမျိုး မရှိပါဘူး။ အဲဒီကာလတုန်းက ငွေရေးကြေးရေး ကိစ္စဟာ အများကြီး ထည့်သွင်းစဉ်းစားရတဲ့ အခြေအနေမှာ ရှိနေတယ်။ ကျွန်တော်တို့ ဟာဇက်ရဲ့ ဈေးနှုန်းကို မတတ်နိုင်ခဲ့ဘူး။ ဒီအချက်ကိုလည်း ဖုံးကွယ်ထားလို့ မရပါဘူး။ ဒါကကျွန်တော် ရိုးရိုးသားသားပဲ ပြောတာပါ”ဟု ဝင်းဂါးက ဖွင့်ဟခဲ့သည်။

၎င်းက ဟာဇက်နှင့် မိမိတို့အသင်းမှ အလက်ဆစ် ဆန်းချက်ဇ်တို့ကြားတွင် အရည်အသွေး ကွာဟချက် ကြီးကြီးမားမား မရှိဟု ယုံကြည်ကြောင်းလည်း ဆိုသည်။ “သူတို့နှစ်ယောက်က သိပ်နီးစပ် ဆင်တူပါတယ်။ ဟာဇက် ခြေစွမ်းပြနေတယ် ဆိုပေမယ့် ဒါဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရာသီ မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ ဆန်းချက်ဇ်ကတော့ ပရီးမီးယားလိဂ်မှာ ပထမဆုံးရာသီအဖြစ် ကစားနေတာပါ။ ဆန်းချက်ဇ်ဟာ ဒီရာသီရဲ့ အကောင်းဆုံး ကစားသမားဆုကို မရခဲ့ဘူး ဆိုရင်လည်း နောက်ရာသီအတွက် သူက တိုက်ပွဲဝင်နေဦးမှာပါ။ ဟာဇက်ဟာ ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းနေမှန်း အားလုံး လက်ခံမှာပါ။ အရင်က မရှိခဲ့တဲ့ ရင့်ကျက်မှုမျိုး ရှိလာပြီ။ သူ့ရဲ့ နောက်ဆုံး ဘောလုံးထိချက်တွေက ပိုကောင်းလာတယ်လို့ ထင်ပါတယ်။ ကွင်းထဲမှာ သူ့ရဲ့ ဗီဇစရိုက်တွေက ပိုကောင်းလာတယ်။ သူဟာ ဂိုးမရှိသရေ ဖြစ်နေတဲ့ ပွဲကျပ်တစ်ခုမှာ ရလဒ်ပိုင်းကို အချိန်မရွေး ပြောင်းလဲလိုက်နိုင်တယ်။ ဒါဟာ ထိပ်တန်း အရည်အသွေးရှိတဲ့ ကစားသမား တစ်ယောက်ရဲ့ သင်္ကေတပါပဲ”ဟု ဝင်းဂါးက ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment