Thursday, May 7, 2015
မက်ဆီရဲ့မှော်ဝင်ခြေစွမ်းနဲ့အတူ ဘိုင်ယန်မြူးနစ်ကို ဘာစီလိုနာ သုံးဂိုးပြတ်အနိုင်ရ (ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲပြီးသုံးသပ်ချက်)
မက်ဆီရဲ့မှော်ဝင်ခြေစွမ်းနဲ့အတူ ဘိုင်ယန်မြူးနစ်ကို ဘာစီလိုနာ သုံးဂိုးပြတ်အနိုင်ရ (ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲပြီးသုံးသပ်ချက်)
နူးကမ့်ကွင်းကိုဧည့်သည်အဖြစ်ရောက်လာတဲ့ နည်းပြဂွါဒီယိုလာနဲ့ ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာရဲ့ မထင်မှတ်တဲ့ သွင်းဂိုးတွေကြောင့် ဗိုလ်လုပွဲတက်ဖို့အရေး မှေးမှိန်ခဲ့ရပြီဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲချိန်ပြည့်ခါနီး မှသာ ရုတ်တရက်သွင်းယူသွားတဲ့ မက်ဆီရဲ့ သွင်းဂိုးေ တွနဲ့အတူ ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရသွားခဲ့ပြီဖြစ်ပါတယ်။
ဒဏ်ရာပြဿနာတွေ ကင်းစင်လုနီးပါးဖြစ်နေတဲ့ အိမ်ရှင်ဘာစီလိုနာဘက်က တိုက်စစ်မှာ ဆွာရက်ဇ်၊ မက်ဆီ၊ နေမာတို့ သုံးဦးကို ထားကာ ကွင်းလယ်မှာ ရာကီတစ်၊ ဘတ်စ်ကွက်နဲ့ အင်နီယေစတာတို့ ရှိခဲ့ပြီး ၄-၃-၃- ပုံစံနဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ဧည့်သည်ဘိုင်ယန်မြူးနစ်ဘက်တော့ တိုက်စစ်မှာ မူလာနဲ့ လီဝမ်ဒေါစကီးကို ထားပြီး ၄-၄-၂ ပုံစံနဲ့ ပွဲထွက်လာပါတယ်။
ပထမပိုင်းမှာတော့ အိမ်ရှင်ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ဘိုင်ယန်မြူးနစ်ဘက်ကို သိသာသာဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ် အကြိမ်ကြိမ်ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘိုတန်းတို့ရှိနေတဲ့ ဘိုင်ယန်နောက်တန်း အမှားကင်းစင်နေခဲ့လို့သာ စောစောစီးစီးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း မိနစ်လေးဆယ်လောက်အထိ ဘာစီလိုနာတိုက်စစ်ကို မက်ဆီဦးဆောင်ပြီး အကြိမ်ကြိမ်ထိုးထောက်ပေမယ့် အပိုင်ကန်ချက် တစ်လုံးမှ မရခဲ့တာကိုတွေ့ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်လည်း ပထမပိုင်းမှာ ဘာစီလိုနာဂိုးပေါက်ကို ခြိမ်းခြောက်ခွင့် တစ်ကြိမ်လောက်သာ ရခဲ့တာကိုတွေ့ရပါတယ်။
အထူးသဖြင့် ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ခဲ့ပေမယ့် ဂိုးဧရိယာနားမှာ အပိုင်ကန်ချက်တွေ ကန်ခွင့်မရအောင် နည်းပြဂွါဒီယိုလာက ခံစစ်နည်းဗျူဟာ ချထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ပြောင်းလဲမှု သိပ်မရှိပဲ ဘာစီလိုနာရဲ့ ထိုးဖောက်ချက်ကို စနစ်တကျ ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ အလှည့်အပြောင်းဟာ ပွဲချိန် မိနစ် ၇၀ ကျော်မှ ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ပွဲချိန် ၇၇ မိနစ်အရောက်မှာ တို်က်စစ်ဆင်ဖို့ပြင်နေတဲ့ ဘိုင်ယန်မြူးနစ်ဆီက ဘာစီလိုနာ နောက်ခံလူ အဲဗက်စ် ရုတ်တရက်ဘောလုံးဖျက်ယူသွားပြီး မက်ဆီထံ အရောက်ပို့ပေးခဲ့ပါတယ်။ မက်ဆီ ဂိုးဧရိယာထဲအထိ ဆွဲဝင်ဖို့ အခွင့်မသာလို့ ဂိုးဧရိယာထိပ်ကနေပဲ ဂိုးသမားနူအာရဲ့ ဘယ်ဘက်ထောင့်ထဲကို အမှတ်မထင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ကန်ချက်အတိကျဆုံးဖြစ်ခဲ့လို့ အရေးပါတဲ့ အဖွင့်ဂိုးကို ရသွားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်ဟာ အဖွင့်ဂိုးပေးလိုက်တဲ့အတွက် ချက်ခြင်းပဲ ပြန်ပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ၇၉ မိနစ်မှာ ဘိုင်ယန်မြူးနစ်ဘက်က သောမတ်စ်မူလာအစား ဂေါ့ဇီ ဝင်လာခဲ့ပါတယ်။
ဒါပေမယ့် မိနစ် ၈၀ အရောက်မှာ အကောင်းဆုံးပုံစံရနေတဲ့ မက်ဆီကိုမထိန်းနိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ် ဒုတိယဂိုးပေးခဲ့ရပါတယ်။ ရာကီတစ်က ရလာတဲ့ဘောလုံးကို မက်ဆီရဲ့ပြေးလမ်းကြောင်းထဲ ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ မက်ဆီဂိုးဧရိယာထဲဆွဲပြေးပြီး နောက်ခံလူဘိုတန်းကို ခြေယောင်ပြကျော်ဖြတ်ကာ ဂိုးသမားနူအာကိုပါ ကျော်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ သုံးမိနစ်အတွင်းမှာ မထင်မှတ်တဲ့ အခြေအနေကနေ နှစ်ဂိုးဆက်တိုက် ပေးလိုက်ရတဲ့အတွက် ဘိုင်ယန်မြူးနစ်ကစားကွက် ပျက်သွားခဲ့သလို ဘာမှမတုန့်ပြန်နိုင်ဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက် ဘာစီလိုနာဘက်က ဇာဗီဝင်ရောက်လာပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပွဲပြီးခါနီးမှမှ မထင်မှတ်ပဲ နှစ်ဂိုးပေးလိုက်ရတဲ့အတွက် တုန့်ပြန်ဖို့အချိန် မရခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီး အချိန်ပိုအရောက် ကွင်းလယ်မှာ မက်ဆီကိုဘိုင်ယန်ကဖျက်ထုတ်ဖို့ ကြိုးစားလိုက်ချိန်မှာ ရှေ့ရောက်နေတဲ့ နေမာဆီဘောလုံးရောက်သွားခဲ့ပါတယ်။ နေမာက တစ်ယောက်တည်းကျန်တော့တဲ့ ဘိုင်ယန်နောက်တန်းကို ကျော်ဖြတ်ပြီး ဂိုးသမားနူအာနဲ့ တစ်ယောက်ချင်းအတွေ့သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
နူးကမ့်မြေမှာ မထင်မှတ်တဲ့အခြေအနေကနေ သုံးဂိုးပြတ်အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဘာစီလိုနာဟာ ဗိုလ်လုပွဲ တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ နည်းပြဂွါဒီယိုလာရဲ့ နည်းစနစ်ဟာ ဘာစီလိုနာကို ရင်ဆိုင်ခဲ့ရမှာ ကောင်းမွန်ခဲ့ပေမယ့် မထင်မှတ်တဲ့ အခြေအနေကနေ ဂိုးပေးလိုက်ရတဲ့အချိန်မှာ ဘာမှမတုန့်ပြန်နိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၇-၀ နဲ့ရှုံးပြီး ဥရောပပြိုင်ပွဲမှာ အကြီးမားဆုံးရှုံးပွဲတွေ့ခဲ့ရတဲ့ ဘာစီလိုနာအတွက်တော့ ချိုမြိန်တဲ့လက်စားချမှု ဖြစ်ခဲ့ပါတယ်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment