Wednesday, May 6, 2015
ကားလို့စ်တိဗက်ဇ်ရဲ့ပင်နယ်တီဂိုးနဲ့ ရီးရဲလ်မက်ဒရစ်ကိုဂျူဗင်တပ်အနိုင်ရ (ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲပြီးသုံးသပ်ချက်)
ကားလို့စ်တိဗက်ဇ်ရဲ့ပင်နယ်တီဂိုးနဲ့ ရီးရဲလ်မက်ဒရစ်ကိုဂျူဗင်တပ်အနိုင်ရ (ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲပြီးသုံးသပ်ချက်)
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကိုတက်ရောက်လာနိုင်တဲ့ တစ်သင်းတည်းသော အီတလီအသင်းဖြစ်တဲ့ ဂျူဗင်တပ်ဟာ အိမ်ကွင်းတူရင်မြေမှာ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ကို ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ရလဒ်ကောင်းယူနိုင်ခဲ့ပါတယ်။ အီတလီမြေမှာ ရုန်းကန်ရလေ့ရှိတဲ့ အစဉ်အလာကို ရီးရဲလ်မက်ဒရစ်အသင်း ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ကားလို့စ်တိဗက်ဇ်ရဲ့ ပင်နယ်တီဂိုးကြောင့် ဂျုဗင်တပ်ဟာ ဗိုလ်လုပွဲတက်ရောက်ဖို့ မျှော်လင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းဘက်မှာ တိဗက်ဇ်နဲ့ မိုရာတာတို့က တိုက်စစ်ကိုဦးဆောင်ခဲ့ပြီး ကွင်းလယ်မှာ ပီယာလို၊ စတူအာရို၊ မာချီဆီယို၊ ဗီဒယ်တို့နေရာယူကစားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်မှာ ဘန်ဇီမားမပါဝင်နိုင်တဲ့ အတွက် ၄-၄-၂ ပုံစံနဲ့ပွဲထွက်ခဲ့ရပြီး ကွင်းလယ်မှာ အစ္စကိုပွဲထွက်လာခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ သူတို့အသင်းထက် တိုက်စစ်အားကောင်းတဲ့ရီးရဲလ်မက်ဒရစ်ကို ခံစစ်နဲ့ လုံးဝမကစားခဲ့ပဲ ပွဲစကတည်းက အိမ်ကွင်းအသာစီးယူပြီး တိုက်စစ်ဖွင့်ခဲ့တာတွေ့ရပါတယ်။ ပွဲစကတည်းက တိုက်စစ်ကို ပီပီပြင်ပြင်ကစားနိုင်ခဲ့ တဲ့အတွက် ၉ မိနစ်အရောက်မှာ အိမ်ရှင်ဂျူဗင်တပ်အသင်း အဖွင့်ဂိုးစရခဲ့ပါတယ်။
တိုက်စစ်မှူးတိဗက်ဇ်ရဲ့ ကြိုးစားအားထုတ်မှုကတဆင့် ဂျူဗင်တိုက်စစ်မှူး မိုရာတာက ပီပီနဲ့ဘောလုံးယှဉ်လုကာ အနီးကပ်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဖွင့်ဂိုးစောစောပေးလိုက်ရတဲ့အတွက် ဧည့်သည် ရီးရဲလ်မက်ဒရစ်က ချက်ခြင်းတိုက်စစ်ကို အကောင်းဆုံးပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဆယ်မိနစ်နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေ အလွန်ပြင်းထန်ခဲ့ပြီး တိုနီခရူးစ်ရဲ့ အဝေးကန်ချက်ကိုလည်း ဝါရင့်ဂိုးသမားဘူဖွန်ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားပုံကောင်းခဲ့ပေမယ့် ဂျူဗင်တပ်နောက်တန်းက ၂၇ မိနစ်အထိ အမှားအယွင်းကင်းနေခဲ့ပါတယ်။
ပွဲချိန် ၂၇ မိနစ်အရောက်မှာတော့ ဧည့်သည့်ရီးရဲလ်မက်ဒရစ်အတွက် အဖိုးတန်ချေပဂိုးရသွားခဲ့ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ ခြောက်ကိုက်စည်းထဲ ဖြတ်တင်ပေးမှုကို နောက်က အရှိန်နဲ့ပြေးလာတဲ့ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ဆင်ကစားမှု ရပ်တန့်မသွားပဲ ဂျူဗင်တပ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမပြီးခင်မှာ ရီးရဲလ်မက်ဒရစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ် ခေါင်းတိုက်ချက် ဂိုးရလုနီးပါးဖြစ်ခဲ့ပါသေးတယ်။
ဒုတိယပိုင်းပြန်စတင်ချိန်မှာတော့ ပွဲပုံစံဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ ပထမပိုင်းတုန်းက တိုက်စစ်ဆင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို ဂျူဗင်တပ်တိုက်စစ်က ဆက်တိုက်ဖိအားပေးခဲ့နိုင်ခဲ့ပါတယ်။ ပွဲပြန်စပြီး ၁ မိနစ်အကြာမှာ ကားလို့စ်တိဗက်ဇ် အဝါကတ်အပြခံခဲ့ရပါတယ်။ တိုက်စစ်ကဖိအားပေးနိုင်ခဲ့တဲ့အကျိုးဆက်ကြောင့်ပဲ ပွဲချိန် ၅၇ မိနစ်မှာ ဂျူဗင်တပ်အသင်း ပွဲကိုဦးဆောင်စေတဲ့ ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ တိုက်စစ်မှူး မိုရာတာနဲ့ တိဗက်ဇ်တွဲလုံးတဆင့် တိဗက်ဇ်ဂိုးဧရိယာထဲဆွဲဝင်လာတာကို ကာဗာရယ် ဟန့်တားရာမှာ ပြစ်ဒဏ်ကျူးလွန်တယ်လို့ ကွင်းလယ်ဒိုင်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ရလာတဲ့ ပင်နယ်တီကို တိုက်စစ်မှူး တိဗက်ဇ်ပဲ အမှားအယွင်းမရှိကန်သွင်းပြီး ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။
ထူးခြားတာကတော့ ဂျူဗင်တပ်ဟာ ပထပိုင်းတုန်းကဖြစ်ရပ်ကိုသင်ခန်းစာယူပြီး ဒုတိယပိုင်းမှာ ပင်နယ်တီဂိုးနဲ့ ဦးဆောင်ခဲ့ပြီးနောက် တိုက်စစ်ကိုအရှိန်မလျှော့ပဲ ရီးရဲလ်မက်ဒရစ်ကို ဖိအားပေးခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်ကွင်းလယ်က စတူအာရိုနေရာမှာ ဘာဇာဂလီထည့်သွင်းပြီးနောက် ဂျူဗင်တပ်ရဲ့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ရီးရဲလ်ကိုဆက်တိုက် ဖိအားပေးနိုင်ခဲ့ပြန်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကာဆီးလက်စ်ရဲ့ ပေါ့ဆမှုကြောင့် ဂျူဗင်တပ်အသင်းကစားသမား ဗီဒယ်ဂိုသွင်းဖို့ အခွင့်အရေးရခဲ့သေးပေမယ့် ဂိုးအဖြစ်မပြောင်းလဲ နိုင်ခဲ့ပါဘူး။
ရီးရဲလ်မက်ဒရစ်အတွက် ပထမချေပဂိုးကို ဖန်တီးပေးထားခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒုတိယပိုင်းမှာလည်း ရော်နယ်ဒိုအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခု ဘယ်ခြမ်းကနေ ဖြတ်တင်ဘောနဲ့ ပေးပို့ခဲ့ပေမယ့် ရော်နယ်ဒို နေရာယူလွဲချော်နေခဲ့ရပြန်ပါတယ်။ အဲဒီနောက်မှာ ဘယ်သူမှ ဂိုးမသွင်းနိုင်ကြတော့လို့ အိမ်ရှင်ဂျူဗင်တပ်က ၂-၁ ဂိုးနဲ့အနိုင်ရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မျှော်လင့်နိုင်ခဲ့ပါတယ်။
၂၀၁၀ နောက်ပိုင်း ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို အီတလီအသင်းတွေ တသင်းမှ တက်လှမ်းနိုင်ခဲ့ခြင်းမရှိပဲ ဒီနှစ်မှာတော့ ဂျူဗင်တပ်က ဗိုလ်လုပွဲအထိ မျှော်လင့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဂျူဗင်တပ်အတွက် အနိုင်ဂိုးသွင်းတဲ့တိဗက်ဇ်ဟာ သူ့အတွက်ဒီရာသီ ၂၉ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်သွင်းဂိုး ၇၆ ဂိုးရှိလာခဲ့ပြီဖြစ်ပြီး ပြိုင်ဘက်မက်ဆီထက် တစ်ဂိုး ပိုသွားခဲ့ပြီဖြစ်ပါတယ်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment