Tuesday, May 5, 2015
ပရီးမီးယားလိဂ်မှာ ဘယ်အသင်းတွေ ရုန်းကန်ရဦးမှာလဲ
ပရီးမီးယားလိဂ်မှာ ဘယ်အသင်းတွေ ရုန်းကန်ရဦးမှာလဲ
Written by Mizzima News
ပွဲစဉ် ၃၅ မှာ ချယ်လ်ဆီး အသင်းက ခရစ္စတယ်ပဲလေ့စ် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီးတဲ့နောက် ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲက ပြီးဆုံးသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက ရမှတ် ၈၃ မှတ်နဲ့ ဒုတိယနေရာက မန်စီးတီးကို ၁၃ မှတ်ဖြတ်ပြီး ချန်ပီယံဆုကြီးကို သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာက နှစ်ပွဲကျန်နေသေးတဲ့ အာဆင်နယ်က နှစ်ပွဲလုံးနိုင်ခဲ့ရင်တောင် ၁၀ မှတ်ကွာဟနေဦးမှာ ဖြစ်လို့ ချန်ပီယံဆုကို ရရှိသွားခြင်းလည်း ဖြစ်ပါတယ်။
အခုအချိန်မှာ ရင်ခုန်စရာကျန်ရှိနေတာက ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့်နဲ့ ဘယ်အသင်းတန်းဆင်းရမလဲ ဆိုတာတွေပါပဲ။
ချန်ပီယံလိဂ် ဝင်ခွင့်
ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကတော့ မန်စီးတီး၊ အာဆင်နယ်နဲ့ မန်ယူတို့ပဲ ဘယ်အသင်းက တိုက်ရိုက်ဝင်ခွင့်ရမလဲဆိုတာကို ပြိုင်ရမှာပါ။ အဆင့်ငါးက လီဗာပူးလ်က မန်ယူနဲ့ လေးမှတ်သာကွာလို့ ဖြစ်နိုင်သေးပေမယ့် မန်ယူတို့ ခြေချော်မှသာ ဖြစ်နိုင်မယ့်အနေအထားဖြစ်လို့ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ကိုပဲ ကြိုးစားရပါလိမ့်မယ်။
အာဆင်နယ်တို့ဟာ ဒီညမှာ ဟားလ်စီးတီးနဲ့ ရင်ဆိုင်ပြီးသွားရင် ဆွမ်ဆီး(အိမ်)၊ မန်ယူ(ဝေး)၊ ဆန်းဒါးလန်း(အိမ်)၊ ၀က်စ်ဘရွန်း(အိမ်) တို့နဲ့ ယှဉ်ပြိုင်ဖို့ ကျန်ရှိပါတယ်။
မန်စီးတီးကတော့ ကျူပီအာ(အိမ်)၊ ဆွမ်ဆီး(ဝေး)၊ ဆောက်သမ်တန်(အိမ်)တို့နဲ့ ကျန်ရှိပြီး မန်ယူက ပဲလေ့စ်(ဝေး)၊ အာဆင်နယ်(အိမ်)၊ ဟားလ်စီးတီး(ဝေး) တို့ ကျန်ပါတယ်။
အာဆင်နယ်က မန်ယူနဲ့ တစ်ပွဲလောက်သာပွဲကျပ်တာကြောင့် တိုက်ရိုက်ဝင်ခွင့်တစ်နေရာ သေချာသလောက်ရှိပါတယ်။
မန်စီးတီးကတော့ တန်းဆင်းဇုန်ကရုန်းနေတဲ့ ကျူပီအာ၊ ဟားလ်စီးတီး၊ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ ဆောက်သမ်တန်တို့ကြောင့် ပွဲအနည်းငယ် ကျပ်ပါတယ်။ မန်ယူလည်း ပဲလေ့စ်နဲ့ပွဲကလွဲလို့ ကျန်နှစ်ပွဲက ပွဲကျပ်တာပါပဲ။ မန်ချက်စတာ နှစ်သင်းရဲ့ တိုက်ပွဲကို မြင်ရဦးမှာပါ။
ယူရိုပါလိဂ် ဝင်ခွင့်
ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက် လီဗာပူးလ်၊ ဆောက်သမ်တန်နဲ့ စပါးတို့ သုံးသင်း ယှဉ်ပြိုင်ရမှာပါ။ လီဗာပူးလ်က ၆၁ မှတ်၊ စပါးက ၅၈ မှတ်၊ ဆောက်သမ်တန်က ၅၇ မှတ် ရရှိထားပါတယ်။
လီဗာပူးလ်က ချယ်လ်ဆီး(ဝေး)၊ ပဲလေ့စ်(လီဗာပူးလ်)၊ စတုခ်စီးတီး(ဝေး) တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး၊ ဆောက်သမ်တန်က လက်စတာ(ဝေး)၊ ဗီလာ(အိမ်)၊ မန်စီးတီး(ဝေး) တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ စပါးကတော့ စတုခ်စီးတီး(ဝေး)၊ ဟားလ်စီးတီး(အိမ်)၊ အဲဗာတန်(ဝေး) တို့နဲ့ ကျန်ရှိနေပါတယ်။ ပွဲစဉ်အနေအထားအရတော့ စပါးက အချောင်ဆုံးဖြစ်ပြီး ဆောက်သမ်တန်က အကျပ်ဆုံးပါပဲ။ လီဗာပူးလ်ကတော့ သာမန်လို့ ပြောလို့ ရပါတယ်။
တန်းဆင်းဇုန်
သချာင်္နည်းအရဆိုရင် အဆင့် ၁၁ မှာ ရပ်တည်နေတဲ့ အဲဗာတန်ကစပြီး တန်းဆင်းဇုန်နဲ့ မလွတ်သေးပါဘူး။ ဒါပေမဲ့ အဆင့် ၁၈ မှာရပ်တည်နေတဲ့ ဆန်းဒါးလန်းက လက်ကျန် လေးပွဲစလုံးကို နိုင်မှ ဖြစ်မှာပါ။ ဒါကြောင့် အလွန်ကို ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်။
လက်တွေ့ကျကျ ချဉ်းကပ်ကြည့်မယ်ဆိုရင်တော့ အဆင့် ၁၉ က ကျူပီအာ ၂၇ မှတ်နဲ့ အဆင့် ၂၀ က ဘန်လေ ၂၆ မှတ်တို့က တန်းဆင်းဇုန်က လွတ်ဖို့ လက်ကျန်သုံးပွဲမှာ အနည်းဆုံး ရှစ်မှတ်နဲ့ ကိုးမှတ်လိုအပ်တာကြောင့် တန်းဆင်းသွားရသလောက် ဖြစ်သွားပါပြီ။
၃၃ မှတ်ရထားတဲ့ အဆင့် ၁၈ က ဆန်းဒါးလန်းကစပြီး အဆင့် ၁၃ က ရမှတ် ၄၀ ရထားတဲ့ ၀က်စ်ဘရွန်းအသင်းအထိ လက်ကျန် တန်းဆင်းတစ်နေရာအတွက် ရုန်းကန်ကြရဦးမှာ ဖြစ်ပါတယ်။ ရုန်းကန်ကြရမယ့် အသင်းတွေက ၀က်စ်ဘရွန်း၊ ဗီလာ၊ နယူးကာဆယ်၊ ဟားလ်စီးတီး၊ လက်စတာနဲ့ ဆန်းဒါးလန်းတို့ ဖြစ်ပါတယ်။
Mizzima
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment