Pages

Subscribe:

Monday, May 4, 2015

ဗန်ပါစီကို ပင်နယ်တီ ပေးကန်တော့မည် မဟုတ်ဟု ဗန်ဂါးလ် ပြောကြား



ဗန်ပါစီကို ပင်နယ်တီ ပေးကန်တော့မည် မဟုတ်ဟု ဗန်ဂါးလ် ပြောကြား

ရော်ဘင်ဗန်ပါစီ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်အတွက် နောက်ထပ် ပင်နယ်တီ ကန်သွင်းခွင့် ရတော့မည် မဟုတ်ဟု မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

ယူနိုက်တက်သည် အိမ်ကွင်းတွင် ဝက်စ်ဘရွန်းဝစ်ခ်ျကို ဘောလုံးပိုင်ဆိုင်မှု (၈၀)ရာခိုင်နှုန်းထိ ဖိကစားခဲ့သော်လည်း (၁-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ ယူနိုက်တက် တစ်ဂိုးနောက်မှ လိုက်ကစားနေရချိန်တွင် ပင်နယ်တီ ရခဲ့ရာ ယင်းကို နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဗန်ပါစီက တာဝန်ယူ ကန်သွင်းသော်လည်း ဂိုးသမား ပုတ်ထုတ်သွားခဲ့သည်။ ယင်းပင်နယ်တီ မဝင်ခဲ့ခြင်းကြောင့် ဝက်စ်ဘရွန်းဝစ်ခ်ျက ခံစစ်ကို ပိုမို အထိုင်ချ ကစားခွင့် ရရှိသွားပြီး ယူနိုက်တက်တို့ ရှုံးနိမ့်သွားခဲ့သည်။ အဆိုပါ ရလဒ်က အသင်း၏ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကိုပင် ခြိမ်းခြောက်လာပြီ ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် (၃)ပွဲဆက် အရေးနိမ့်ပြီး ထိုပွဲအားလုံး ဂိုးမသွင်းနိုင်သည့် အခြေအနေကို ကြုံခဲ့ရသည့်နောက် ဗန်ဂါးလ်ကို သတင်းထောက်များက ဗန်ပါစီအား ပင်နယ်တီ ဆက်ကန်ခွင့် ပေးမပေး မေးမြန်းခဲ့ကြသည်။ နယ်သာလန်သား မန်နေဂျာကြီးက “ဟင့်အင်း။ သူ့အတွက်က အခုတော့ လမ်းဆုံးသွားပါပြီ”ဟု ဖြေကြားခဲ့သည်။ ၎င်းက “ဝိန်းရွန်နီလည်း ပင်နယ်တီ လွဲဖူးပါတယ်။ တကယ်လို့ ကိုယ်ကန်တဲ့ ပင်နယ်တီ မဝင်ဘူးဆိုရင် အောက်ဆုံးအဆင့်က တန်းပြန်စီရုံပါပဲ”ဟုလည်း ဆိုသည်။

အသက်(၃၁)နှစ်ရှိ ဗန်ပါစီသည် ဆိုင်ဒို ဘီရာဟီနို၏ လက်ထိဘောအတွက် ရရှိလာသည့် ပင်နယ်တီကို ကန်ခွင့်ရခဲ့သော်လည်း တစ်ပွဲလုံး လက်စွမ်းပြနေသည့် ဂိုးသမား ဘိုယက်ဇ် မိုင်ဟေးလ်က တွက်ချက်မှု မှန်မှန်ဖြင့် ဒိုင်ဗင်ထိုး ကာကွယ်သွားခြင်း ဖြစ်သည်။ ထိုပွဲအနိုင်ကြောင့် ဝက်စ်ဘရွန်းဝစ်ခ်ျသည် အိုးလ်ထရက်ဖို့ဒ်တွင် နှစ်ရာသီဆက် အနိုင်ရသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်လာခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment