Thursday, May 7, 2015
ဘိုင်ယန်နှင့် ပွဲမှ မက်ဆီ၏ ခြေစွမ်းကို မာရှေယာနိုနှင့် ဆွာရက်ဇ်တို့ ချီးကျူး
ဘိုင်ယန်နှင့် ပွဲမှ မက်ဆီ၏ ခြေစွမ်းကို မာရှေယာနိုနှင့် ဆွာရက်ဇ်တို့ ချီးကျူး
ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ချေမှုန်း လိုက်သည့် ပွဲစဉ်တွင် ခြေစွမ်းပြခဲ့သည့် လီယွန်နယ် မက်ဆီကို ဘာစီလိုနာ အသင်းဖော်များက အလေးအနက် ချီးကျူးခဲ့ကြသည်။
ဘာစီလိုနာသည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် အိမ်ကွင်း နူးကမ့်၌ ဘိုင်ယန်ကို (၃-၀)ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဘိုင်ယန်က မိနစ်(၈၀) နီးပါးမျှ ဂိုးမပေးရအောင် တောင့်ခံခဲ့သော်လည်း အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင်၏ နှစ်ဂိုးဆက်တိုက် သွင်းယူမှုနှင့်အတူ ဂျာမန်တစ်သင်းလုံး ပြိုဆင်းသွားခဲ့သည်။ မက်ဆီသည် ပွဲချိန် (၇၇)မိနစ်တွင် ဒန်နီအဲလ်ဗက်စ် ခင်းပေးသော ဘောလုံးကို ဘီးကုပ်ထိပ်မှ အပြင်းကန်သွင်းပြီး ဦးဆောင်ဂိုး ရယူခဲ့သလို မိနစ်(၈၀)တွင်လည်း အိုင်ဗန်ရာကီတစ် ချပေးသော ဘောလုံးကို တစ်ကိုယ်တော် ခြေစွမ်းဖြင့် ဆွဲယူကာ ဂိုးသမား မန်နျူရယ်လ် နျူအာ၏ အပေါ်မှ သပ်သပ်ရပ်ရပ် ကျော်ကန်ပြီး သွင်းယူသွားခြင်း ဖြစ်သည်။
ဘာစီလိုနာ ခံစစ်သမား ဟာဗီးယား မာရှေယာနိုက “မက်ဆီရဲ့ ခြေစွမ်းကို စကားလုံးတွေနဲ့ ချီးကျူးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခင်ဗျားအနေနဲ့ သူဘာတွေ လုပ်နေတယ် ဆိုတာကို ထိုင်ကြည့်နေမှပဲ သူ့အရည်အသွေးကို အပြည့်အဝ ခံစားလို့ ရလိမ့်မယ်။ အသင်းမှာ မက်ဆီ ရှိနေတာကိုက ကျွန်တော်တို့အတွက် အားသာချက် တစ်ခုလို့ ခံစားမိပါတယ်”ဟု ပြောကြားခဲ့သည်။ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကလည်း မက်ဆီနှင့်အတူ တွဲရိုက်ထားသည့် ဓာတ်ပုံကို Instagramတွင် လွှင့်တင်ပြီး “တစ်သင်းလုံး အကောင်းဆုံး ကြိုးစားပြီး နိုင်ခဲ့တဲ့ အကောင်းဆုံး ပွဲပါပဲ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားနဲ့ တွဲရိုက်ထားတဲ့ပုံကို ကျွန်တော် တင်ထားလိုက်ပါတယ်”ဟု ရေးသားထားခဲ့သည်။
မာရှေယာနိုက ဘာစီလိုနာ အနေဖြင့် ဂိုးပြတ် နိုင်ထားသော်လည်း ဗိုလ်လုပွဲ တက်ရန် သေချာပြီဟု မဆိုနိုင်သေးကြောင်းလည်း သတိပေးခဲ့သည်။ “ဒီပွဲမှာ ကျွန်တော်တို့ ဂိုးသွင်းဖို့ အကောင်းဆုံး အခွင့်အရေးတွေ ရခဲ့တယ်။ ပွဲစမကစားခင် ကတည်းက ပွဲကို ကျွန်တော်တို့ စိတ်တိုင်းကျ ပုံစံအတိုင်း ကစားနိုင်မယ်လို့ ယုံကြည်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမနီမှာ ကစားရတာ အရမ်းခက်မယ် ဆိုတာကို ကျွန်တော်တို့ သိထားပြီးသားပါ။ လောလောဆယ် ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ အသာစီး အခြေအနေတစ်ခု ရထားတယ်။ ဒါပေမဲ့ ပွဲမပြီးသေးပါဘူး။ အဝေးကွင်းမှာ အခုပွဲက စိတ်ဓာတ်မျိုးနဲ့ ဆက်ကစားနိုင်ဖို့ လိုပါတယ်”ဟု မာရှေယာနိုက ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment