Pages

Subscribe:

Tuesday, May 5, 2015

လာမည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ် ဆွတ်ခူးနိုင်မည်ဟု ဂါဘရီရယ်လ် ယုံကြည်



လာမည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ် ဆွတ်ခူးနိုင်မည်ဟု ဂါဘရီရယ်လ် ယုံကြည်

အာဆင်နယ် အနေဖြင့် လာမည့် ရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း အသင်း၏ ခံစစ်မှူး ဂါဘရီရယ်လ် ပေါ်လစ္စတာက ပြောကြားလိုက်သည်။

ဘရာဇီးလ် ဗဟိုနောက်ခံ ကစားသမားသည် ဆောင်းရာသီ ဈေးကွက်အတွင်းတွင် စပိန်ကလပ် ဗီလာရီးယဲလ်ထံမှ အာဆင်နယ်သို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ လတ်တလောတွင် ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နှင့်ခဲ့သော်လည်း အာဆင်နယ်က ဒုတိယ နေရာမှ မန်ချက်စတာစီးတီးနောက် တစ်ပွဲလျော့ကစားပြီး အမှတ်တူဖြင့် အမှတ်ပေးဇယား အဆင့်(၃)တွင် ရပ်တည်နေသည်။ ယခုရာသီ အာဆင်နယ် အနေဖြင့် အမှတ်ပေး ချန်ပီယံဆုနှင့် ဝေးကွာ ခဲ့သော်လည်း FAဖလား ဗိုလ်လုပွဲထိ ရောက်ရှိနေပြီး ချန်ပီယံဆုအတွက် မျှော်လင့်ခွင့် အားကောင်းလျက် ရှိသည်။

ဂါဘရီရယ်လ်က “လိဂ်ချန်ပီယံ ဖြစ်ဖို့ဆိုတာက မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ချန်ပီယံဆုအတွက် လုံလောက်တဲ့ အားထုတ် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ လိုအပ်သမျှ ကျွန်တော်တို့မှာ ပြည့်စုံနေပါပြီ”ဟု ဆိုသည်။ ၎င်းက “အာဆင်နယ်ဟာ အမှတ်ပေးပြိုင်ပွဲမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မှတ်တမ်း မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီရာသီ FAဖလားရပြီး အမှတ်ပေး ဇယား ဒုတိယ နေရာကနေ ရာသီသိမ်းခဲ့ရင် ကျေနပ်စရာလို့ ဆိုရပါမယ်။ ဒါဆိုရင် ကောင်းမွန်တဲ့ ရာသီတစ်ခု ဖြစ်လာမှာပါ” ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဂါဘရီရယ်လ်သည် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၄)သန်းဖြင့် အမ်းမရိတ်စ်သို့ ရောက်လာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်တွင် သုံးပွဲသာ ကစားရသေးသည်။ ၎င်းက အာဆင်နယ်တွင် ပွဲကစားခွင့် ပိုမိုရရှိရန် ကြိုးစားလေ့ကျင့်နေပြီး အသင်းဖော်များနှင့် မန်နေဂျာ အာစင်ဝင်းဂါးထံမှ အကူအညီကောင်းများ ရရှိနေကြောင်းလည်း ဖွင့်ဟခဲ့သည်။ ထို့အပြင် ၎င်းသည် လန်ဒန်တွင် တစ်စထက်တစ်စ အခြေကျလာသည်ဟု ခံစားမိကြောင်းလည်း ဂါဘရီရယ်လ်က ဆိုသည်။ “ကျွန်တော့်အတွက် အဓိက အခက်အခဲက အင်္ဂလိပ် စကားပြောပါပဲ။ ကျွန်တော် ဘာတစ်လုံးမှ နားမလည်ဘူး။ ဒါပေမဲ့ အဲဒီအပိုင်းမှာ တိုးတက်လာဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ပြီးတော့ ဒီမှာ နေရတာ ကျွန်တော် ပျော်ရွှင်နေပါပြီ။ မန်နေဂျာက ဘာသာစကား မဖြစ်မနေ သင်ဖို့တော့ ကျွန်တော့်ကို ဖိအားမပေးပါဘူး။ သူက ကိစ္စ တော်တော်များများမှာ အကူအညီ ပေးခဲ့ပါတယ်။ အသင်းမှာ ရှိနေတဲ့ စပိန်ကစားသမားတွေကတော့ ကျွန်တော့်ကို အများကြီး ပံ့ပိုးအားပေးကြပါတယ်။ အချင်းချင်း အပြန်အလှန် ကူညီနေတတ်တာကြောင့်လည်း အာဆင်နယ်က မိသားစု တစ်ခုလို ဖြစ်နေတာပါ။ ဒီမှာ ကျွန်တော် အခြေကျ အဆင်ပြေနေပြီး မိသားစုကလည်း ပျော်နေပါတယ်” ဟုလည်း ဂါဘရီရယ်လ်က ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment