Wednesday, May 6, 2015
ဘေးလ်၏ ညံ့ဖျင်းမှုကြောင့် (၁၀)ယောက်တည်းဖြင့် ရီးယဲလ် ကစားရသကဲ့သို့ ဖြစ်နေကြောင်း ကိန်းဝေဖန်
ဘေးလ်၏ ညံ့ဖျင်းမှုကြောင့် (၁၀)ယောက်တည်းဖြင့် ရီးယဲလ် ကစားရသကဲ့သို့ ဖြစ်နေကြောင်း ကိန်းဝေဖန်
ဂျူဗင်းတပ်စ်နှင့် ပွဲစဉ်တွင် ဂါရတ်သ်ဘေးလ်၏ ခြေစွမ်းသည် အလွန်ဆိုးရွား စုတ်ပြတ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ် အနေဖြင့် ကစားသမား (၁၀)ဦးတည်းဖြင့် ကစားခဲ့ရသည့် အခြေအနေမျိုး ဖြစ်ခဲ့ကြောင်း ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းက တူရင်တွင် ဂျူဗင်းတပ်စ်ကို (၂-၁)ဖြင့် အရေးနိမ့်သည့် ချန်ပီယံလိဂ် ပွဲစဉ်၌ ကမ္ဘာ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး စံချိန်ရှင် ဝေလ လက်ရွေးစင် အနေဖြင့် အသင်းအပေါ် မည်သို့သော အကျိုးပြုမှုမျိုးမျှ မရှိခဲ့ဟု ဆိုသည်။ ဘေးလ်သည် ဂိုးပေါက်ကန်သွင်းမှု၊ ဖျက်ထုတ်မှု တစ်ကြိမ်မျှ မပြုလုပ်နိုင်သလို တစ်ပွဲလုံး ဘောလုံးနှင့် (၃၂)ကြိမ်သာ ထိခဲ့သည်။ ရီးယဲလ်နည်းပြ ကာလို အန်ဆလော့တီသည် ပွဲပြီးခါနီး လေးမိနစ် အလိုတွင် ဘေးလ်ကို ဂျီဆီရိုဒရီဂွတ်ဇ်နှင့် လူစားလဲထုတ်လိုက်သော်လည်း ကိန်းက ထိုမျှအချိန်ထိ ဘေးလ်ကို ကစားခွင့် ပေးထားသည်မှာ အံ့ဩစရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ITVနှင့် တွေ့ဆုံရာတွင် ကိန်းက “(၁၀)ယောက်တည်းနဲ့ ကစားရတာက ရီးယဲလ်အတွက် တကယ့်ကို ခက်ခဲစေပါတယ်။ ဘေးလ်ဟာ သူတို့ကို ဘာမှ မပေးစွမ်းနိုင်ခဲ့ပါဘူး။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်နေတယ်။ သူ့ခြေစွမ်းနဲ့ ပတ်သက်ရင် လွယ်လွယ်ပဲ ကောက်ချက်ချလို့ရတယ်။ အသင်းဖော်တွေကလည်း သူ့အခြေအနေအတွက် ပျော်ကြမယ် မထင်ဘူး။ နောက်တစ်ချက်က ဘောလုံးရရင် သူက စွန့်စားထိုးဖောက်တာ ဘာတစ်ခုမှ မရှိဘဲ အလွယ်ဆုံး လုပ်ရမယ့် ကိစ္စကိုပဲ အကြိမ်တိုင်း လုပ်သွားခဲ့ပါတယ်”ဟု ဝေဖန်သွားသည်။
ကိန်းကဲ့သို့ပင် ယခုပွဲအတွက် ဘောလုံးအစီအစဉ်မှူး တာဝန်ယူခဲ့သည့် ယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးလ်ကလည်း “အဲဒီပွဲမှာတော့ ဘေးလ်ဟာ လုံးဝ အဆင်မပြေပါဘူး။ လက်ရှိ အနေအထားအရ သူကစားတာ ညံ့ပါတယ်။ ဒါကြောင့် ဘေးလ်ဟာ အခုထက် ပိုကောင်းလာအောင် ကြိုးစားရပါလိမ့်မယ်”ဟု မှတ်ချက်ပြုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment