Wednesday, May 6, 2015
ဟာဇက်ကို ဘိုင်ယန်မြူးနစ် ဝယ်ယူလိမ့်မည် မဟုတ်ကြောင်း ဗန်ဘိုင်တန် ပြောကြား
ဟာဇက်ကို ဘိုင်ယန်မြူးနစ် ဝယ်ယူလိမ့်မည် မဟုတ်ကြောင်း ဗန်ဘိုင်တန် ပြောကြား
များပြားလှသည့် ပြောင်းရွှေ့ကြေးကြောင့် အီဒင်ဟာဇက်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းက စိတ်ဝင်စားခြင်း မရှိကြောင်း ဘိုင်ယန်မြူးနစ် ကင်းထောက် ဒန်နီရယ် ဗန်ဘိုင်တန်က ပြောကြားလိုက်သည်။
ဘိုင်ယန်မြူးနစ်သည် အသင်း၏ တိုက်စစ်အင်အားကို တိုးမြှင့်ရန်အတွက် ကွင်းလယ်တောင်ပံ ကစားသမားအချို့ကို ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သော်လည်း ဟာဇက်သည် အသင်းအတွက် ရွေးချယ်စရာတစ်ခု မဟုတ်ကြောင်း ဗန်ဘိုင်တန်က ဆိုခဲ့သည်။
“ဘိုင်ယန်က အီဒင်ဟာဇက်လို ကစားသမားကို ဘယ်တော့မှ ခေါ်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၇၀ ကနေ ၈၀ ကြားမှာရှိပါတယ်။ ဒါဟာ ဘိုင်ယန်အတွက် များပြားလှတဲ့ ငွေပမာဏပါပဲ။ အဲ့ဒီအစား ယူရို ၅ သန်းလောက်ပဲ ကုန်ကျမယ့် အသက် ၁၇၊ ၁၈ ကစားသမားတစ်ယောက်ယောက်ကို ခေါ်ယူပါလိမ့်မယ်” ဟု ဗန်ဘိုင်တန်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး အန်ဒါလက်ခ်ျ ကွင်းလယ် ကစားသမား ယူရီတိုင်လီမန်စ်ကို ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေကြောင်း ဗန်ဘိုင်တန်က ဖွင့်ဟခဲ့သည်။
၎င်းက “တိုင်လီမန်စ်က ဘိုင်ယန်က စိတ်ဝင်စားနေတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့အနေနဲ့ လေ့လာမှုတွေ အများကြီး ထပ်လုပ်ရပါဦးမယ်။ ဒါပေမဲ့ သူက အလားအလာရှိတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့ကို ဘတ်စတီယန် ရှဝိန်းစတိုင်ဂါနဲ့ နှိုင်းယှဉ်လိုပါတယ်။ သူက ရှဝိန်းစတိုင်ဂါ နေရာမှာ ရေရှည်အစားထိုးနိုင်မယ့်သူပါ” ဟု ပြောကြားခဲ့သည်။
အသက် ၁၇ အရွယ် တိုင်လီမန်စ်နှင့် အန်ဒါလက်ခ်ျတို့၏ စာချုပ်သည် ၂၀၁၆ ခုနှစ် ဇွန်လတွင် ကုန်ဆုံးမည် ဖြစ်ပြီး ကစားသမားအနေဖြင့် အသက် ၁၈ နှစ်ပြည့်မွေးနေ့တွင် စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
Soccer Myanmar
Labels:
ပရီးမီးယားလိဂ်,
ဘွန်ဒက်စ်လီဂာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment