Pages

Subscribe:

Sunday, May 3, 2015

မြန်မာ ယူ-၂၃ အသင်း ဆာဘီးယားလေ့ကျင့်ရေး ခရီးစဉ် ပျက်ပြယ်



မြန်မာ ယူ-၂၃ အသင်း ဆာဘီးယားလေ့ကျင့်ရေး ခရီးစဉ် ပျက်ပြယ်
Written by  ရွှေဘုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှု ပြင်လုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် မူလက ဆားဘီးယားနိုင်ငံသို့ လေ့ကျင့်ရေးနှင့် ခြေစမ်းခရီးစဉ် သွားရောက်ရန် စီစဉ်ထားသော်လည်း လေယာဉ် လက်မှတ်အခက်အခဲကြောင့် ပျက်ပြယ်ခဲ့သည်။ ယင်းခရီးစဉ် ပျက်ခဲ့သည့်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် ညှိနှိုင်းလျက်ရှိသည်။ မြန်မာ ယူ-၂၃ အသင်းသည် လက်ရှိတွင် ပဏာမကစားသမား ၂၃ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူ ကိုင်တွယ်လျက်ရှိသည်။

မြန်မာ ယူ-၂၃ အသင်းသည် ပြီးခဲ့သည့် အာရှ ယူ-၂၂ ခြေစစ်ပွဲမတိုင်ခင်ကလည်း ဂျပန်နိုင်ငံသို့ ခြေစမ်းခရီးစဉ်သွားရောက်ခဲ့ပြီး ဂျပန် ယူ-၂၃ အသင်းနှင့် ခြေစမ်းခဲ့ရာ ၉-၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းသည် လာမည့် မေလ ၂၂ ရက်နေ့တွင်လည်း ဗီယက်နမ်မှ ဖိတ်ကြားထားသည့် ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ဟိုချီမင်းမြို့တွင် ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။ မြန်မာ ယူ-၂၃ အသင်းသည် နည်းပြချုပ် ဦးကြည်လွင် လက်ထက်တွင် အာရှခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲ စုစုပေါင်း ရှစ်ပွဲကစားခဲ့ရာ နှစ်ပွဲသာအနိုင်ရရှိထားပြီး သုံးပွဲသရေ သုံးပွဲရှုံးရလဒ် ရရှိထားသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး လာမည့် မေလ ၂၉ ရက်တွင် အုပ်စုပွဲစဉ်များကို စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Mizzima

0 comments:

Post a Comment