Pages

Subscribe:

Thursday, March 5, 2015

ဂီရော့ဒ်သည် စိတ်ဓာတ်ခိုင်မာသည့် ကစားသမားတစ်ဦးဖြစ်ဟု ဝင်းဂါးချီးကျူး



ဂီရော့ဒ်သည် စိတ်ဓာတ်ခိုင်မာသည့် ကစားသမားတစ်ဦးဖြစ်ဟု ဝင်းဂါးချီးကျူး

မိုနာကိုနှင့်ပွဲတွင် ဆိုးရွားသော ခြေစွမ်းမျိုး ရှိခဲ့သည့်တိုင် အိုလီဗီရာ ဂီရော့ဒ် အနေဖြင့် စိတ်ဓာတ် ကြံ့ခိုင်စွာဖြင့် ရုန်းကန် တည့်မတ်နိုင်ခဲ့ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ချီးကျူး ပြောကြားခဲ့သည်။


ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးသည် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် အမ်းမရိတ်စ်တွင် မိုနာကိုအား (၃-၁)ဖြင့် အရေးနိမ့်ခဲ့ရာ၌ ဝေဖန်လောက်စရာ ဆိုးရွားသော စွမ်းဆောင်ရည်မျိုး ရှိခဲ့သည်။ ၎င်းသည် QPRကို လိုတက်ဖ်ရုဒ်တွင် (၂-၁)ဖြင့် အနိုင်ရခဲ့ရာ၌ အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ ယင်းသည် နောက်ဆုံး(၅)ပွဲတွင် ဂီရော့ဒ်၏ (၅)ဂိုးမြောက်လည်း ဖြစ်လာသည်။ ဝင်းဂါးက ဂီရော့ဒ်သည် ဝေဖန်မှုများကို ကြံ့ကြံ့ခံ ရပ်တည်နိုင်သည့် စိတ်ဓာတ် ခိုင်မာမှုမျိုးကို ပြသနိုင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။


၎င်းက “ဂီရော့ဒ်ဟာ စိတ်ဓာတ်ခွန်အား ကောင်းမွန်သူပါ။ သူဟာ ဝေဖန်မှုတွေကို ခံယူနိုင်တယ်။ တုံ့ပြန်နိုင်တယ်။ ဒါကိုအခု သူလက်တွေ့ ပြခဲ့ပြီ။ သူ့အပေါ် ပြောဆိုနေတာတွေဟာ တစ်ဆိတ်တော့ လွန်လွန်းတယ်လို့ ကျွန်တော်ထင်တယ်။ သူက မိုနာကိုနဲ့ပွဲမှာ အခွင့်အရေးတချို့ လက်လွတ်သွားတယ်။ ဒါက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဗာတန်နဲ့ပွဲမှာ သူအကောင်းဆုံး တုံ့ပြန်နိုးထပြီး ဂိုးရအောင် သွင်းခဲ့တယ်။ အဲဒီလိုပဲ ဒီပွဲမှာလည်း ဂိုးသွင်းသွားနိုင်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။ ဝင်းဂါးက QPRဘက်သို့ ဒုတိယဂိုးသွင်းသူ အလက်ဆစ် ဆန်းချက်ဇ်ကိုလည်း ကျားကုတ်ကျားခဲ ကြိုးစားတတ်သူ တစ်ဦးအဖြစ် ညွှန်းဆိုခဲ့သည်။


ဆန်းချက်ဇ်သည် (၇)ပွဲဆက် ဂိုးပေါက် ပျောက်နေသော်လည်း ယခုပွဲတွင် ဂိုးရအောင် သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ချီလီ လက်ရွေးစင်နှင့် ပတ်သက်ပြီး ဝင်းဂါးက “ဒါက သိပ်ကောင်းသွားပါတယ်။ ကိုယ်က (၇)ပွဲ၊ (၈)ပွဲလောက် ဆက်တိုက် ဂိုးမသွင်းနိုင်ဘူးဆိုရင် စိတ်ထဲမှာ ယုံကြည်မှု နည်းလာနိုင်တယ်။ ဆန်းချက်ဇ်ကတော့ ရလာတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးချပြနိုင်ခဲ့တယ်။ သူ့ရဲ့ လှည့်စားနိုင်စွမ်းနဲ့ လှပတဲ့ ဂိုးတစ်ဂိုး ရခဲ့တယ်။ ဆန်းချက်ဇ်ဟာ ဂိုးမသွင်းနိုင်တဲ့ ပွဲတွေ များနေပေမယ့် စိတ်မလျှော့ခဲ့ဘူး။ ဒါဟာ တိုက်စစ်မှူးကောင်း တစ်ယောက်မှာ ရှိရမယ့် အားမာန်လည်း ဖြစ်ပါတယ်”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment