Pages

Subscribe:

Tuesday, March 31, 2015

ယူနိုက်တက်နှင့် အနာဂတ်အတွက် ယုံကြည်မှုအပြည့် ရှိနေဆဲဟု ဖယ်လ်ကာအို ဖွင့်ဟ



ယူနိုက်တက်နှင့် အနာဂတ်အတွက် ယုံကြည်မှုအပြည့် ရှိနေဆဲဟု ဖယ်လ်ကာအို ဖွင့်ဟ

မန်ချက်စတာ ယူနိုက်တက်တွင် အနာဂတ် ရှေ့ဆက်နိုင်ရန် ယုံကြည်မှု ထက်သန်နေဆဲဖြစ်ကြောင်း ရာဒါမယ် ဖယ်လ်ကာအိုက ပြောကြားခဲ့သည်။

ကိုလံဘီယာ လက်ရွေးစင် ကစားသမားသည် မိုနာကိုမှ ယူနိုက်တက်သို့ အငှားလာရောက် ကစားနေသော်လည်း ပုံစံကောင်းရရန် ရုန်းကန်နေရသည့်နောက် ယူနိုက်တက်က ၎င်းကို အပြတ်ဝယ်ယူရန် ကမ်းလှမ်းမှု မရှိသေးချေ။ မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် (၁၉)ပွဲ၌ (၄)ဂိုးသာ သွင်းယူနိုင်ခဲ့သည့် ဖယ်လ်ကာအိုသည် ကိုလံဘီယာ လက်ရွေးစင် အသင်းတွင်မူ လတ်တလော ခြေစွမ်းပြနေပြီး (၂)ပွဲ၌ (၃)ဂိုးထိ ရရှိထားသည်။ ဘာရိန်းနှင့် ကူဝိတ်တို့ကို ဂိုးများ သွင်းယူခဲ့သည့်နောက် အသက်(၂၉)နှစ်ရှိ တိုက်စစ်မှူးသည် ယခုအခါ ကိုလံဘီယာ၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်သည့် (၂၄)ဂိုး စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကူဝိတ်ကို (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်အပြီးတွင် သတင်းထောက်များက ၎င်းအား ယူနိုက်တက်နှင့် အနာဂတ်အတွက် မည်သို့မည်ပုံ မျှော်လင့်ထားသည်ကို မေးမြန်းရာ ဖယ်လ်ကာအိုက “ကျွန်တော် ဒီကိစ္စအပေါ် ယုံကြည်မှု ရှိဆဲပါ။ ဘောလုံးရာသီ အပြီးမှာတော့ ကျွန်တော့် အနာဂတ်ကို အသေအချာ ပြန်စဉ်းစားပါမယ်။ ကျွန်တော့် ကစားသမား ဘဝအတွက် ဘယ်အရာက အကောင်းဆုံး ဖြစ်မလဲ ဆိုတာကိုပေါ့”ဟု ဖြေကြားခဲ့သည်။ ဖယ်လ်ကာအိုသည် ဇန်နဝါရီလက လက်ဆက်စတာ စီးတီးနှင့် ပွဲစဉ်တွင် ယူနိုက်တက်အတွက် နောက်ဆုံးဂိုးကို သွင်းယူထားခဲ့သည်။ သို့သော်လည်း လက်ရွေးစင် အသင်းတွင် ဂိုးများ သွင်းနိုင်ခြင်းက ယူနိုက်တက်သို့ ပြန်ရောက်ချိန်တွင် ယုံကြည်မှုပိုင်း ပိုမို အားကောင်းနေစေမည်ဟု မျှော်လင့်ကြောင်း ဖယ်လ်ကာအိုက ဆိုသည်။

“ကျွန်တော့် အတွက်တော့ ဂိုးသွင်းနိုင်ခြင်းဟာ အမြဲတမ်း အရေးကြီးပါတယ်။ ကျွန်တော့်အတွက် ယုံကြည်မှုပိုင်း အားကောင်းလာစေတယ်လေ။ ကျွန်တော် အရင်ကတည်းက ပြောဖူးပါတယ်။ ပွဲကစားဖို့ အချိန်များများတော့ လိုအပ်တယ်။ ပွဲဆက် ကစားဖို့ လိုတယ်။ လက်ရွေးစင် အသင်းမှာ ကျွန်တော် အဲဒီ အခွင့်အရေး ရရှိခဲ့ပါတယ်။ အကောင်းဆုံး ကြိုးစားပြီး ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ အခုတော့ ကျွန်တော် ယူနိုက်တက်ကို ယုံကြည်မှုတွေ ပိုတိုးပွားပြီး ပြန်သွားတော့မှာပါ။ ကျွန်တော်တို့ ကစားဖို့ (၈)ပွဲ ကျန်ပါသေးတယ်။ အဲဒီအတောအတွင်း အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်သလို ပွဲချိန်များများ ပိုကစားခွင့်ရဖို့လည်း မျှော်လင့်ပါတယ်”ဟု ဖယ်လ်ကာအိုက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment