Pages

Subscribe:

Thursday, March 19, 2015

ဂျာမနီမှာခြေစွမ်းပြခဲ့တဲ့ တိဗက်ဇ်ကြောင့် ဂျူဗင်တပ်ကွာတားဖိုင်နယ်တက်



ဂျာမနီမှာခြေစွမ်းပြခဲ့တဲ့ တိဗက်ဇ်ကြောင့် ဂျူဗင်တပ်ကွာတားဖိုင်နယ်တက်

ဘွန်ဒက်စ်လီဂါမှာလည်း ရုန်းကန်နေရတဲ့ ဒေါ့မွန်အသင်းဟာ ဒီပွဲမှာတော့ အိမ်ကွင်းပရိသတ်တွေ ရှေ့မှာတင် ဂျူဗင်တပ်ရဲ့ ဂိုးပြတ်အနိုင်ယူမှုကို ခံလိုက်ရပြီး ပြိုင်ပွဲက ထွက်သွားရပြီဖြစ်ပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှူး ကာလို့စ်တိဗက်ဇ်ရဲ့ ဂိုးနှစ်ဂိုးအပါအဝင် ဂျူဗင်တပ်က သုံးဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒေါ့မွန်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အိမ်ကွင်းမှာ သိပ်လူမစုံခဲ့ပဲ ဂျူဗင်တပ်ကတော့ တိဗက်ဇ်၊ မိုရက်တာ၊ ဗီဒယ်တို့ရဲ့ တိုက်စစ်နဲ့ ဒေါ့မွန်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲစပြီး သုံးမိနစ်အကြာမှာတင် ဂျူဗင်တပ်အသင်း ဂိုးရသွားခဲ့ပါတယ်။ မိုရက်တာရဲ့ ပေးပို့မှုကို ဒေါ့မွန်ဂိုးသမား ဝီဒယ်ဖယ်လာထွက်ပြီးကာကွယ်ဖို့ နောက်ကျခဲ့လို့ တိဗက်ဇ်က ဘယ်ဘက်ထောင်ထဲကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ တိဗက်ဇ်နဲ့ မိုရက်တာဟာ ပထမအကျော့တုန်းကလည်း အိမ်ကွင်းမှာ ဂိုးသွင်းနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။
ဒီရာသီမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ဒေါ့မွန်ဟာ ဂျူဗင်တပ်ကို အိမ်ကွင်းမှာဖြစ်နေပေမယ့်လည်း ခြေစွမ်းအရ ဘယ်လိုမှမယှဉ်နိုင်ခဲ့ပါဘူး။ မိနစ်ကိုးဆယ်လုံးလုံးမှာ အိမ်ရှင်ဒေါ့မွန်က ဂျူဗင်တပ်အသင်းဘက်ကို နှစ်ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပြီး ဂျူဗင်တပ်ကတော့ ၆ ကြိမ်တိတိ ဂိုးပေါက်ကန်သွင်းချက် ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ဒေါ့မွန်ဘက်က ချေပဂိုးပြန်ရဖို့ ကြိုးစားပေမယ့် ၀-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ဒေါ့မွန်ဘက်က ထိုးဖောက်ချက်တွေဟာ အရာမရောက်ပဲ ဖြစ်ခဲ့ရပါတယ်။ ၆၃ မိနစ်မှာ မက်ခီတာရန်အစား ဘလက်ဇီကောစကီးနဲ့ ဘန်ဒါအစား ရာမို့စ် ဝင်လာခဲ့ပါတယ်။ ဒေါ့မွန်ဘက်က မာကိုရူးစ်အပါအဝင် တိုက်စစ်ကစားသမားတွေရဲ့ ထိုးဖောက်ချက်ဟာ အတွဲမမိတဲ့အတွက် ဂိုးမရခဲ့တာဖြစ်ပါတယ်။
မိနစ် ၇၀ မှာတော့ ဂျူဗပ်တပ်က မထင်မှတ်ပဲ ဂိုးထပ်မံရသွားခဲ့ပါတယ်။ မာချီဆီယိုက နောက်ခံလူတွေ ကြားထဲကနေ ဖြတ်ပြီးထိုးပေးလိုက်တဲ့ ဘောလုံးကို တိဗက်ဇ်က အချိန်ကိုက်ပြေးပိတ်ခဲ့ပေမယ့် ပြန်ထွက်လာခဲ့ပါတယ်။ ဒီအခွင့်အရေးကို မိုရက်တာက သက်သက်သာသာ အဆုံးသတ်နိုင်ခဲ့လို့ ဂျူဗင်တပ်အတွက် ဒုတိယဂိုးရခဲ့တာဖြစ်ပါတယ်။ မိနစ် ၇၀ မှာ နှစ်ဂိုးနဲ့ ရှုံးနေပြီဖြစ်တဲ့အတွက် မျှော်လင့်ချက်မရှိတော့တဲ့ ဒေါ့မွန်ရဲ့ ကစားပုံသိသိသာသာ ကျသွားခဲ့ပါတယ်။ ၇၈ မိနစ်မှာ ဒေါ့မွန်ကစားသမား ရာမို့စ် ခေါင်းတိုက်ချက်ကို ဂျူဗင်တပ်ဂိုးသမားဘူဖွန် ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် တန်ပြန်တိုက်စစ်ကတဆင့် ဂျူဗင်တပ် တိုက်စစ်ဆင်ခဲ့ပြီး တိဗက်ဇ်ရဲ့ ခြေစွမ်းပြမှုနဲ့ သုံးဂိုးမြောက်ဂိုးကို ရခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဂျူဗင်တပ်က သုံးဂိုးပြတ် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၅-၁ နဲ့ ကွာတားဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ဒေါ့မွန်ကို ၁၉၉၃ ခုနှစ်တုန်းက ယူအီးအက်ဖ်အေစူပါဖလား ဆီမီးဖိုင်နယ်နဲ့ ၁၉၉၅ ဗိုလ်လုပွဲတွေမှာ နိုင်ခဲ့ဖူးပါတယ်။

Soccer Myanmar

0 comments:

Post a Comment