Pages

Subscribe:

Wednesday, March 18, 2015

ပင်နယ်တီအဆုံးအဖြတ်နဲ့ အသလက်တီကို ကွာတာဖိုင်နယ်တက်ရောက်



ပင်နယ်တီအဆုံးအဖြတ်နဲ့ အသလက်တီကို ကွာတာဖိုင်နယ်တက်ရောက်

ပထမအကျော့က အဝေးကွင်းမှာ လေဗာကူဆင်ကို ၁-၀ ဂိုးနဲ့ရှုံးခဲ့တဲ့ အသလက်တီကိုဟာ အိမ်ကွင်းမှာ ပွဲချိန် မိနစ် ၉၀ အတွင်း ၁-၀ ဂိုးနဲ့ ပြန်လည်အနိုင်ယူနိုင်ခဲ့လို့ အချိန်ပိုအထိသာမက ပင်နယ်တီအဆုံးအဖြတ်ကိုပါ ခံယူခဲ့ရပါတယ်။
ပထမပိုင်းပွဲချိန် ၂၇ မိနစ်မှာတင် အိမ်ရှင်အသလက်တီကိုအတွက် အရေးကြီးတဲ့အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ကိုကီရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို ကွင်းလယ်ကစားသမား ဆွာရက်ဇ်က အနီးကပ်အပိုင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင်နောက်တန်းကစားသမားတွေရဲ့ ပေါ့ဆမှုကြောင့် အသလက်တီကို ဂိုးရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ ပထမပိုင်းပြီးတဲ့ အချိန်အထိ အသလက်တီကိုအသင်းက ဒုတိယဂိုးရဖို့ ဆက်လက်ဖိအားပေးခဲ့ပေမယ့် ၁ ဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ လေဗာကူဆင် ကစားပုံ အနည်းငယ်ပြောင်းလဲသွားခဲ့ပါတယ်။ အသလက်တီကို ခံစစ်ကို ဒုက္ခပေးနိုင်လာပြီး ဂိုးရဖို့ ဖွင့်ကစားလာတာတွေ့ရပါတယ်။ လေဗာကူဆင် တိုက်စစ်က အားထည့်ကစားလာခဲ့လို့ အသလက်တီကိုဟာ တိုက်စစ်ကို အလွန်အကျွံလိုက်ပါမကစားနိုင်ခဲ့ပါဘူး။ နှစ်သင်းလုံး ကွင်းလယ်နဲ့ တိုက်စစ်က အပြန်အလှန်ထိုးဖောက်ခဲ့ကြပေမယ့် ခံစစ်ကတော့ အမှားမခံပဲ လုံခြုံအောင်ပိတ်ဆို့ခဲ့တာ တွေ့ရပါတယ်။
ဒုတိယပိုင်းမှာ လေဗာကူဆင်တိုက်စစ်က ပိုဖိအာပေးနိုင်ခဲ့ပြီး အသလက်တီကို ကစားသမားတွေ အဝါကတ်ပြသခံရမှု များပြားခဲ့ပါတယ်။ ၈၃ မိနစ်မှာ မန်ဇူကစ်အစား တိုက်စစ်မှူး တောရက်စ်ဝင်လာခဲ့ပေမယ့် အသလက်တီကိုဟာ ပွဲပြီးချိန်အထိ ဂိုးထပ်မရခဲ့ပါဘူး။ နှစ်ကျော့ပေါင်းရလဒ် ၁-၁ ဂိုးနဲ့ မိနစ်ကိုးဆယ် ပြည့်သွားလို့ အချိန်ပိုကစားခဲ့ကြရပါတယ်။ အချိန်ပိုမိနစ် သုံးဆယ်ပြည့်အောင် ကစားပြီးတဲ့အထိ ဂိုးမသွင်းနိုင်ကြတော့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြရပါတယ်။ ပင်နယ်တီမှာတော့ အသလက်တီကိုက ၃-၂ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပင်နယ်တီကန်သွင်းကြရာမှာ ပထမဆုံးကန်သွင်းချက်တွေကို အသလက်တီကိုရော လေဗာကူဆင်ပါ လွဲချော်ခဲ့ကြပါတယ်။ တတိယမြောက်ပင်နယ်တီကိုကန်သွင်းရာမှာတော့ အသလက်တီကိုက ဝင်ခဲ့ပေမယ့် လေဗာကူဆင်ကစားသမား တော့ပ်ရက်က လွဲချော်သွားပါတယ်။ ဒါပေမယ့် စတုတ္ထမြောက်ပင်နယ်တီကို အသလက်တီကိုက ကိုကီလွဲချော်ခဲ့ပြန်ပါတယ်။ နောက်ဆုံးအဆုံးအဖြတ် ပင်နယ်တီကို လေဗာကူဆင်က ကီဘလင်းသွင်းယူရာမှာ ဂိုးပေါက်မတည့်ခဲ့လို့ အသက်လက်တီကိုဟာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment