Pages

Subscribe:

Tuesday, March 31, 2015

တိုက်စစ်ပိုင်းကို အဓိက တာဝန်ယူရပါက ပိုမိုခြေစွမ်းပြနိုင်မည်ဟု ဘာကလေ ဖွင့်ဟ



တိုက်စစ်ပိုင်းကို အဓိက တာဝန်ယူရပါက ပိုမိုခြေစွမ်းပြနိုင်မည်ဟု ဘာကလေ ဖွင့်ဟ

မိမိအနေဖြင့် တိုက်စစ်ပိုင်းကို အဓိက တာဝန်ယူ ကစားရပါက ပိုမိုခြေစွမ်း ပြနိုင်မည်ဟု ယုံကြည်ကြောင်း အဲဗာတန် ကွင်းလယ်လူ ရော့စ်ဘာကလေက ဖွင့်ဟခဲ့သည်။

အသက်(၂၁)နှစ် အရွယ်ရှိ အင်္ဂလန် လူငယ် ကစားသမားလေးသည် ယခုရာသီတွင် ကွင်းလယ်၌ အဓိက အထိုင်ချ တာဝန်ယူ ကစားနေရပြီး ယမန်နှစ်ကလောက် ခြေစွမ်းမပြနိုင်သေးချေ။ ပြီးခဲ့သည့် ရာသီကမူ ဘာကလေသည် တိုက်စစ်မှူးနောက်မှ လိုက်ပါ ပံ့ပိုးသည့် ပုံစံမျိုး ကစားခွင့် ရခဲ့သည်။ ဘာကလေက လက်ရှိ ၎င်း၏ ပုံစံသည် အကျပိုင်းသို့ အတန်ငယ် ဦးတည်နေကြောင်း ဝန်ခံခဲ့သော်လည်း အနာဂတ်တွင် အကောင်းဆုံး နေရာ၌ အကောင်းဆုံး ခြေစွမ်းမျိုး ပြသနိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။

၎င်းက “တကယ်တော့ ကျွန်တော်က တိုက်စစ်မှူးလို ကစားသမားပါ။ တိုက်စစ်မှာ ကစားရင် ကျွန်တော့် စွမ်းဆောင်ရည် အမြင့်ဆုံး ရနိုင်တယ်လို့ ခံစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က တိုက်စစ်ထိ လွတ်လွတ်လပ်လပ် လိုက်ပါသွားရတာကို ကြိုက်ပါတယ်။ အဲဒီအနေအထားကနေ အသင်းဖော်တွေကို ဆွဲခေါ်နိုင်သလို ကိုယ်တိုင် ကန်သွင်းခွင့်၊ ဖန်တီးခွင့်တွေ ပိုရလာနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ လတ်တလောတွင် ခြေစွမ်းပိုင်း အတန်ငယ် အားနည်းနေသလို အဲဗာတန်ကလည်း ပုံစံကောင်းရရန် ရုန်းကန်နေရသည့်တိုင် မည်သည့် ဖိအားမျှ ရှိမနေဟု ဘာကလေက ဆိုသည်။

“ကျွန်တော့် အမြင်ကို ပြောရရင် လက်ရှိ အခြေအနေအရ ကိုယ့်မှာ ရှိသမျှ အစွမ်းကုန် မလုပ်ပြနိုင်သေးတာ အမှန်ပဲ။ ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေတွေက ဒီလိုကြုံလာတတ်ပါတယ်။ ဒါကို ဖြတ်သန်းနိုင်ဖို့ လိုပါတယ်။ ကိုယ့်ကစားသမား ဘဝမှာ အကောင်း၊ အဆိုး အမျိုးမျိုး ကြုံမှာပဲ။ အခုလောလောဆယ် ကောင်းမွန်တဲ့ အချိန်မျိုး မဟုတ်ရင်တောင် ကျွန်တော်တို့ ကျော်လွှားနိုင်မှာပါ။ ဒီအတွက် ဘာဖိအားမှ မခံစားရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သလို ကိုယ်ဘာလုပ်နိုင်တယ် ဆိုတာကိုလည်း ကျွန်တော် သေချာ ယုံကြည်ထားပါတယ်”ဟု ဘာကလေက ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment