Sunday, March 15, 2015
အမ်းမရိတ်တွင် ဝက်စ်ဟမ်းကို သက်သောင့်သက်သာ အနိုင်ရခဲ့သည့် အာဆင်နယ်
အမ်းမရိတ်တွင် ဝက်စ်ဟမ်းကို သက်သောင့်သက်သာ အနိုင်ရခဲ့သည့် အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) အာဆင်နယ်နှင့် ဝက်စ်ဟမ်း ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
အာဆင်နယ်တွင် အော့စ်ပင်နာ၊ ချိန်ဘာစ်၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ မွန်ရီရယ်၊ ကိုကွယ်လင်၊ ရမ်ဆေး၊ ဝဲလ်ကော့၊ အိုဇေးလ်၊ ဆန်းချက်ဇ်၊ ဂီးရော့ဒ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။
ဝက်စ်ဟမ်းတွင် အက်ဒရီယန်၊ အိုဘရိုင်ယန်၊ ကောလင်းစ်၊ ကူရာတီ၊ ခရက်စ်ဝဲလ်၊ ဆောင်း၊ နိုဘယ်၊ နိုလန်၊ ဂျာဗစ်၊ ဒေါင်းနင်း၊ ဆာခိုတို့ ပါဝင်ကစားခဲ့သည်။
ပွဲချိန် ၂၂ မိနစ်တွင် ဘယ်ခြမ်းမှ ဂျာဗစ်ကန်တင်ပေးလိုက်သည့် ဘောလုံးကို နိုလန်က မြေမကျ ကန်သွင်းခဲ့သော်လည်း အော့စ်ပင်နာ ပုတ်ထုတ်ကာကွယ်ခဲ့သည်။ ၃၃ မိနစ်တွင် ရမ်ဆေး ဖန်တီးပေးလိုက်သည့် ဘောလုံးကို ဝဲလ်ကော့က ကန်သွင်းခဲ့သော်လည်း ကန်ချက်ပျော့သွားခဲ့သောကြောင့် အက်ဒရီယန် ဖမ်းမိခဲ့သည်။ ၃၅ မိနစ်တွင် အိုဇေးလ်၏ ဖြတ်တင်ဘောမှ ရမ်ဆေး ရရှိသွားပြီး ထိုးပေးလိုက်သည့် ဘောလုံးကို ဆန်းချက်ဇ် ကန်သွင်းသော်လည်း အက်ဒရီယန် ကာကွယ်သွားခဲ့သည်။ ၄၃ မိနစ်တွင် ဝဲလ်ကော့၏ မြေမကျကန်ချက် ဂိုးဘေးထွက်ခဲ့သည်။ ပထမပိုင်း ၄၅ မိနစ်ပြည့်ပြီး နာကျင်အချိန်ပို ၁ မိနစ်တွင် အာဆင်နယ်က အဖွင့်ဂိုး ရရှိသွားခဲ့ပြီး ၎င်းဂိုးကို ဂီးရော့ဒ်၊ ရမ်ဆေးနှင့် အိုဇေးလ်တို့၏ တွဲလုံးမှတစ်ဆင့် ဂီးရော့ဒ်က ဘယ်ခြေဖြင့် ကန်သွင်းယူခဲ့သည်။ ၆၉ မိနစ်တွင် ဝဲလ်ဘက်က အိုဇေးလ်က လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရခဲ့သော်လည်း မကန်ဘဲ ရမ်ဆေးကို ထိုးပေးခဲ့ပြီး ၎င်း၏ မြေမကျကန်ချက်က ဂိုးဘေးထွက်ခဲ့သည်။ ၈၂ မိနစ်တွင် အာဆင်နယ်က ဒုတိယဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို ဂီးရော့ဒ်နှင့် ရမ်ဆေးတို့၏ တွဲလုံးမှတစ်ဆင့် ရမ်ဆေးက သွင်းယူခဲ့သည်။ အာဆင်နယ်အတွက် တတိယဂိုးကို ၈၄ မိနစ်တွင် လူစားဝင် ကစားသမား ဖလာမီနီက ကာဇိုလာ၏ ဖြတ်တင်ဘောကို အသာအယာ ပိတ်သွင်းယူခဲ့သည်။ ပွဲအပြီးတွင် အာဆင်နယ်က ဝက်စ်ဟမ်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား တတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment