Pages

Subscribe:

Monday, March 23, 2015

ဆွာရက်ဇ်သည် ပေးခဲ့ရသည့်ဈေးနှင့် ထိုက်တန်သူဟု အန်ရီကေး ချီးကျူး



ဆွာရက်ဇ်သည် ပေးခဲ့ရသည့်ဈေးနှင့် ထိုက်တန်သူဟု အန်ရီကေး ချီးကျူး

လူးဝစ်ဆွာရက်ဇ် အတွက် ငွေကြေး အမြောက်အမြား ပေးချေ ဝယ်ယူ ခဲ့ရသော်လည်း ထိုက်တန်လိမ့်မည်ဟု ကြိုတင် ယုံကြည်ပြီးဖြစ်ကြောင်း ဘာစီလိုနာနည်းပြ လူးဝစ် အန်ရီကေးက ကြွေးကြော်လိုက်သည်။
ဘာစီလိုနာသည် ပွဲပယ်ပြစ်ဒဏ် ရှိနေသည့် အခြေအနေမှာပင် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးအတွက် ပေါင်စတာလင် (၇၅)သန်းထိ ပြောင်းရွှေ့ကြေး ပေးချေပြီး နွေရာသီ ဈေးကွက်အတွင်း လီဗာပူးလ်ထံမှ ခေါ်ယူထားခဲ့သည်။ ဆွာရက်ဇ်သည် ဘာစီလိုနာ ကစားသမား ဘဝအစတွင် အတန်ငယ် ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းတွင် တောက်လျှောက် ခြေစွမ်းပြလာသလို နူးကမ့်တွင် ရီးယဲလ်မက်ဒရစ်ကို (၂-၁)ဖြင့် အနိုင်ရသည့် အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်၌ အသင်းအတွက် အနိုင်ဂိုး သွင်းခဲ့သည်။ ၎င်းသည် ချန်ပီယံလိဂ်တွင်လည်း အင်္ဂလန် ချန်ပီယံ မန်ချက်စတာ စီးတီးဘက်သို့ နှစ်ဂိုး သွင်းပြထားသေးသည်။
အယ်လ်ကလက်စီကိုတွင် အနိုင်ရလိုက်ခြင်းကြောင့် ဘာစီလိုနာသည် ယခုအခါ ခါးသီးပြိုင်ဘက် ရီးယဲလ်ကို (၄)မှတ်ဖြတ်ကာ လာလီဂါ အမှတ်ပေး ဇယားကို ဦးဆောင်နေပြီ ဖြစ်သည်။ အန်ရီကေးက “ဆွာရက်ဇ်ဟာ တကယ့်ကို အဆင့်မြင့်တဲ့ ပွဲတစ်ပွဲမှာ ဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ တခြား ကစားသမား အများစုအတွက် ခက်ခဲလွန်းတဲ့ အနေအထားကနေ ဂိုးတစ်ဂိုး သွင်းယူပြခဲ့တယ်။ ဒီလို အရည်အသွေးမျိုးကြောင့်လည်း သူ့ကို ကျွန်တော်တို့ စာချုပ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီအရည်အသွေးမျိုးကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးမျိုးကို ကျွန်တော်တို့ လက်တွေ့ ပေးချေခဲ့တာပါ”ဟု ဆိုသည်။
၎င်းက “ဆွာရက်ဇ်က အသင်းအတွက် စူးစိုက်အားထုတ်ပေးနေတဲ့ အရာတိုင်းအတွက်လည်း ကျွန်တော်တို့ သူ့ကို ကျေးဇူးတင်ပါတယ်” ဟုလည်း ပြောဆိုခဲ့သည်။ ၎င်းက ယခုပွဲတွင် မိမိအသင်း၏ ဂိုးသမား ကလော်ဒီယို ဘရာဗို အနေဖြင့် လက်စွမ်းပြ ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းမှ အိုင်ကာ ကားဆီးလက်စ် အနေဖြင့် ကံမကောင်းခဲ့ဟုလည်း သုံးသပ်ခဲ့သည်။ “ကျွန်တော်တို့ အသင်းမှာက လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်တဲ့ ဂိုးသမား သုံးယောက်တောင်ရှိတယ်။ ဘရာဗိုအပြင် မက်အန်ဒရီ တာစတီဂျန်နဲ့ ယော်ဒီမာဆစ်ပ်တို့ပေါ့။ ဒီညမှာဆို ဘရာဗိုက ကောင်းမွန်တဲ့ ကာကွယ်မှုတချို့ လုပ်ပြခဲ့တယ်။ ဒါပေမဲ့ ကားဆီးလက်စ်ကတော့ မလုပ်နိုင်ခဲ့ဘူးပေါ့”ဟု အန်ရီကေးက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment