Pages

Subscribe:

Tuesday, March 24, 2015

ဒီဂီယာကို တက်နင်းမှုအတွက် စကာတယ်လ်ကို FA စွဲချက်တင်



ဒီဂီယာကို တက်နင်းမှုအတွက် စကာတယ်လ်ကို FA စွဲချက်တင်

လီဗာပူးလ် နောက်ခံလူ မာတင်စကာတယ်လ်သည် ပြိုင်ဘက် ကစားသမားကို ရည်ရွယ်ချက်ရှိရှိ တက်နင်းသည်ဆိုသော FA၏ စွဲချက်တင်ခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။

မန်ချက်စတာ ယူနိုက်တက်ကို အန်းဖီးလ်၌ (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ် ပြီးခါနီးတွင် ဆလိုဗက်ကီးယား ဗဟိုနောက်ခံလူသည် ပြိုင်ဘက်အသင်း ဂိုးသမား ဒေးဗစ်ဒီဂီယာ၏ ခြေထောက်ကို ပြေးရင်းလွှားရင်း တက်နင်းသွားခဲ့သည်။ ပွဲကစားနေစဉ်အတွင်း အဆိုပါ ဖြစ်ရပ်ကို ဒိုင်လူကြီး မာတင် အက်ကင်ဆန်နှင့် အကူဒိုင်များက တွေ့မြင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် FAက ဗီဒီယို မှတ်တမ်းကို ပြန်ကြည့်ကာ စကာတယ်လ်အား ကြမ်းတမ်းစွာ ပြုမူမှုဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

စကာတယ်လ်ကို FAက အယူခံဝင်ရန် အင်္ဂါနေ့ ညနေ(၆)နာရီအထိ အချိန်ပေးထားပြီး အကယ်၍ အယူခံ မဝင်လျှင်ဖြစ်စေ၊ အယူခံဝင်ပြီး စစ်ဆေးမှုတွင် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိလျှင်ဖြစ်စေ (၃)ပွဲပယ် အရေးယူ ခံရမည် ဖြစ်သည်။ FAက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ “ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဖြစ်ရပ်တစ်ခုကို ဒိုင်လူကြီးက မမြင်ခဲ့ဘူးဆိုရင် နောက်ပိုင်းမှာ သုံးဦးပါ ကော်မရှင်တစ်ခုက ဗီဒီယို မှတ်တမ်းတွေ ပြန်ကြည့်ပြီး အမှီအခိုကင်းကင်း ဆုံးဖြတ်မှုတွေ ပြုလုပ်ပါတယ်။ အဲဒီကော်မရှင်ရဲ့ အကြံဉာဏ်ကိုယူပြီး FAအနေနဲ့ လိုအပ်တဲ့ အရေးယူ လုပ်ဆောင်မှုတွေ ပြုလုပ်ရပါတယ်။ FAရဲ့ စွဲချက်အပြီးမှာ သုံးဦး ကော်မရှင်ကလည်း ဒီလုပ်ရပ်ဟာ ထုတ်ပယ် ခံရသင့်တယ်လို့ အဆုံးအဖြတ် ပေးမယ်ဆိုရင် လိုအပ်တဲ့ ပြစ်ဒဏ်ကို ချမှတ်သွားမှာပါ။ လောလောဆယ်မှာတော့ ကော်မရှင်က ဘာမှ မဆုံးဖြတ်သေးပါဘူး”ဟု ဖော်ပြထားသည်။

အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်သည်လည်း ဒုတိယပိုင်းအစ လူစားဝင်ပြီး တစ်မိနစ် မပြည့်မီမှာပင် ယူနိုက်တက် ကွင်းလယ်လူ အန်ဒါဟာရဲရာ၏ ခြေထောက်ကို တက်နင်းမှုဖြင့် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

Soccer Myanmar

0 comments:

Post a Comment