Pages

Subscribe:

Wednesday, March 18, 2015

မိုနာကိုကွင်းမှာ အနိုင်ရသော်လည်းအဝေးဂိုးကြောင့် အာဆင်နယ်ချန်ပီယံလိဂ်က ထွက်ခဲ့ရ



မိုနာကိုကွင်းမှာ အနိုင်ရသော်လည်းအဝေးဂိုးကြောင့် အာဆင်နယ်ချန်ပီယံလိဂ်က ထွက်ခဲ့ရ

အာဆင်နယ်ဟာ မိုနာကိုအိမ်ကွင်းမျာ ၂-၀ ဂိုးနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပေမယ့်လည်း အဝေးဂိုးစည်းမျဉ်းကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာပဲ ကျန်နေရစ်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက်လိုအပ်နေတဲ့ တတိယဂိုးကိုသွင်းယူဖို့အတွက် ၁၅ မိနစ် နီးပါးရှိအချိန်ရရှိခဲ့ပေမယ့်လည်း တိုက်စစ်မှူးတွေရဲ့ ဂိုးဖန်တီးမှု အားနည်းသွားခဲ့တာကြောင့် ဒီလိုအဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပမယ့် ဒီနေ့ပွဲမှာ ကစားသွားတဲ့ အာဆင်နယ်ရဲ့ ကစားပုံဟာ မိုနာကိုအသင်းကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့တာတွေ့ရပါတယ်။ နှစ်ကျော့ပေါင်း ရလဒ် တစ်ဖက် ၃ ဂိုးစီနဲ့ထွက်ခဲ့ရတာဖြစ်လို့ အာဆင်နယ်အတွက် ဂုဏ်သိက္ခာဆယ်ယူနိုင်ခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဘက်မှာ တိုက်စစ်မှူး ဂျီရုဒ်နဲ့ ဝဲလ်ဘက်ကို တပြိုင်တည်းပွဲထုတ်ခဲ့ပြီး ဆန်းချက်ဇ်၊ ကာဇိုလာ၊ အိုဇေး စတဲ့ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် ဒုတိယဂိုးသွင်းတဲ့ ရမ်ဆေးကိုတော့ ဒုတိယပိုင်းရောက်မှသာ လူစားဝင်စေခဲ့တာတွေ့ရပါတယ်။ မိုနာကိုအသင်းဘက်ကလည်း ပွဲစကတည်းက တိုက်စစ်မှူး ဘာဘာတော့ဗ်ကို အထောင်တိုက်စစ်မှာထားပြီး ထုံးစံအတိုင်း ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပွဲစကတည်းက ဂိုးရဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မိုနာကိုကတော့ တန်ပြန်တိုက်စစ်လောက်နဲ့သာ အာဆင်နယ်ကို တုန့်ပြန်ဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ တကယ်တမ်းမှာ မိုနာကိုအသင်းရဲ့ တိုက်စစ်က ထင်သလောက်မကောင်းခဲ့ပဲ အာဆင်နယ်ခံစစ်ကို လွယ်လွယ်ကူကူပဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၃၆ မိနစ်မှာတော့ အာဆင်နယ်အသင်းအတွက် လိုအပ်နေတဲ့အဖွင့်ဂိုးရရှိသွားခဲ့ပါတယ်။ နောက်ခံလူ ဘယ်လာရင်ရဲ့ ထိုးဖောက်မှုကတဆင့် ဂျီရုဒ်ဆီဘောလုံးရောက်သွားခဲ့ပြီး ဂျီရုဒ်က ရင်ဘတ်နဲ့အသာထိန်းကာ အသာအယာ ကန်သွင်းယူသွားခဲ့လို့ မိုနာကိုဂိုးသမား ဆူဘာဆစ် ဘာမှမတက်နိုင်ခဲ့ပါဘူ။
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ မိုနာကိုဟာ အာဆင်နယ်ဘက်ကို သိသိသာသာ ဖိအားပေးခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မိုနာကိုရဲ့တိုက်စစ်မှာ အာဆင်နယ်ခံစစ်ကို ခြိမ်းခြောက်နိုင်မယ့် ကစားသမားမျိုး ရှိမနေတဲ့အပြင် ကွင်းလယ်ကလည်း ဖန်တီးပေးမယ့် ကစားသမားရှိမနေခဲ့ပါဘူး။ ပွဲချိန် မိနစ် ၆၀ လောက်အထိ မိုနာကိုကသာ အာဆင်နယ်ကို ပြန်လည်ဖိအားပေးကစားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်နည်းပြ ဝင်းဂါးက ကွင်းလယ်ကိုထိန်းချုပ်ဖို့ ကိုကွီလင်းကို ထုတ်ပြီး ရမ်းဆေးကိုလူစားဝင်စေခဲ့ပါတယ်။ ရမ်ဆေးဝင်လာခဲ့ပြီးတဲ့နောက် အာဆင်နယ်ကွင်းလယ် ဘောလုံးကို ပိုထိန်းချုပ်လာနိုင်ခဲ့ပါတယ်။
အိုဇေးရဲ့ ပြစ်ဒဏ်ဘောကန်ချက် ဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း မိုနာကိုဂိုးသမား ဆူဘိုတစ်ကာကွယ်သွားနိုင် ခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ရဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုဟာ အတော်လေးများပြားခဲ့ပါတယ်။ ဒါပေမယ့် ကာဇိုလာနဲ့ ဆန်းချက်ဇ်တို့ ပုံမှန်ခြေစွမ်းအောက် ရောက်ပြီး ဖန်တီးပေးနိုင်စွမ်း အားနည်းခဲ့လို့ အခုလို လိုအပ်တဲ့ ဂိုးအရေအတွက် မရခဲ့တာဖြစ်ပါတယ်။ မိနစ်ကိုးဆယ်ပြည့်ဖို့ ၁၁ မိနစ်အလိုမှာ အာဆင်နယ် ဒုတိယဂိုး ရခဲ့ပါတယ်။ ဝဲလ်ကော့ရဲ့ ကန်ချက်တိုင်ထိပြီးထွက်လာတာကို မိုနာကို နောက်ခံလူ ကာဇာဝါဖျက်ထုတ်လိုက်ပေမယ့် ရမ်ဆေးဆီရောက်သွားပြီး ရမ်ဆေးက နောက်ခံလူတွေကြားထဲက သွင်းယူခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒုတိယပိုင်းမှာတင်ပဲ ဂိုးပေါက်ကန်ချက် အကြိမ် ၂၀ နီးပါးလောက်ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ပွဲပြီးခါနီးမှာ အာဆင်နယ်ပိုဖိကစားနိုင်ခဲ့ပေမယ့် မိုနာကိုခံစစ်ကို အကြိမ်ကြိမ်ပိတ်ဆို့နိုင်ခဲ့တာကြောင့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ မရခဲ့ပါဘူး။ မိုနာကိုဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း မတက်ရောက်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ကတော့ နောက်ဆုံးလေးနှစ်ဆက်တိုက် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ငါးနှစ်မြောက်မှာတော့ ၁၆ သင်းရှုံးထွက်အဆင့်နဲ့တင် ကျန်နေရစ်ခဲ့ပြီဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment