Pages

Subscribe:

Monday, March 30, 2015

လီဗာပူးလ်မှလွဲ၍ အခြားမည်သည့် အင်္ဂလန် အသင်းတွင်မျှ ကစားတော့မည် မဟုတ်ဟု ဆွာရက်ဇ်ဆို



လီဗာပူးလ်မှလွဲ၍ အခြားမည်သည့် အင်္ဂလန် အသင်းတွင်မျှ ကစားတော့မည် မဟုတ်ဟု ဆွာရက်ဇ်ဆို

လီဗာပူးလ်မှလွဲ၍ အခြားမည်သည့် ပရီးမီးယားလိဂ် အသင်းတွင်မျှ ပြန်ကစားမည် မဟုတ်ဟု လူးဝစ်ဆွာရက်ဇ်က ထုတ်ဖော် ပြောကြားလိုက်သည်။

ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်သည် နွေရာသီက ပေါင်စတာလင် (၇၅)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဘာစီလိုနာသို့ ကူးပြောင်းသွားခဲ့သည်။ ၎င်းသည် တနင်္ဂနွေနေ့က ကစားသည့် ရန်ပုံငွေ ပွဲစဉ်တစ်ခုတွင် အသင်းဟောင်း လီဗာပူးလ်၏ အန်းဖီးလ်သို့ တစ်ကျော့ပြန် ရောက်ရှိလာခဲ့သည်။ ဆွာရက်ဇ်သည် လီဗာပူးလ် ကစားသမား ဘဝတွင် (၁၃၃)ပွဲ ကစားကာ (၈၂)ဂိုးထိ သွင်းယူခဲ့သူ ဖြစ်သည်။ စတီဗင်ဂျရတ်နှင့် ဂျင်မီကာရေဂါတို့၏ စိတ်ကြိုက်အသင်းများ ကစားသည့် ရန်ပုံငွေပွဲတွင် ဆွာရက်ဇ်ကို အန်းဖီးလ်ပရိသတ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ဆွာရက်ဇ်သည် ဂျရတ်၏ အသင်းတွင် လူစားလဲ ပါဝင်ခဲ့ပြီး တစ်ချိန်က အန်းဖီးလ်၏ အသည်းကျော် ဖာနန်ဒို တောရက်စ်နှင့် တွဲကစားသွားသည်။ (၂၀၁၁)ခုနှစ်က အေဂျက်စ် အမ်စတာဒမ်မှ လီဗာပူးလ်သို့ ဆွာရက်ဇ် ရောက်ရှိလာချိန်တွင် တောရက်စ်က ချယ်လ်ဆီးသို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။ ဆွာရက်ဇ်က တောရက်စ်နှင့် တွဲကစားရခြင်းကို ပျော်ရွှင်မိကြောင်း ဆိုသည်။ “ရှေ့တန်းမှာ တောရက်စ်နဲ့အတူ ကစားရတာ ကျေနပ်စရာပါပဲ။ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်တော် လီဗာပူးလ်နဲ့ စာချုပ်ခဲ့တယ်။ ကျွန်တော် တောရက်စ်နဲ့ တွဲကစားချင်ခဲ့ပေမယ့် ကျွန်တော် လီဗာပူးလ်ကိုရောက်ပြီး သုံးရက်အကြာမှာ သူက အသင်းက ထွက်သွားပါတယ်။ ကစားသမားကောင်းတွေနဲ့ တွဲကစားရတဲ့ ဒီနေ့က ကျေနပ်စရာပါ။ ဒါပေမဲ့ တောရက်စ်နဲ့ အတူကစားရတာက ကျွန်တော့်အတွက်တော့ ခမ်းနားတဲ့ အခွင့်အရေး ဖြစ်လာပါတယ်”ဟု ဆွာရက်ဇ်က ဖွင့်ဟခဲ့သည်။

၎င်းက တစ်နေ့နေ့တွင် ပရီးမီးယားလိဂ်သို့ ပြန်လည်လာရောက် အခြေချဖွယ်ရှိကြောင်း ဝန်ခံခဲ့ပြီး ထိုအချိန်တွင် ရွေးစရာ လီဗာပူးလ် တစ်သင်းသာ ရှိမည်ဟုလည်း ပြောကြားခဲ့သည်။ “ပရိသတ်တွေကို ကျွန်တော် လွမ်းပါတယ်။ အန်းဖီးလ်ရဲ့ ပတ်ဝန်းကျင်ဟာ တကယ့်ကို ထူးခြား အံ့ဩစရာ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ကစားဖူးသူတိုင်း ပရိသတ်ရဲ့ အရေးပါမှုကို သိပါလိမ့်မယ်။ ပရိသတ်တွေကလည်း ကျွန်တော့် အသည်းနှလုံးထဲမှာ သူတို့တွေ အမြဲရှိတယ် ဆိုတာကို သိပါလိမ့်မယ်။ ဘောလုံးမှာ အနာဂတ်ကို ဘယ်သူမှ ကြိုမပြောနိုင်ပါဘူး။ တကယ်လို့ ကျွန်တော် အင်္ဂလန်မှာ ပြန်ကစားဖြစ်မယ် ဆိုရင်တောင် လီဗာပူးလ်ကလွဲရင် တခြားဘယ်အသင်းမှ မဖြစ်နိုင်ပါဘူး”ဟု ဆွာရက်ဇ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment