Pages

Subscribe:

Thursday, March 19, 2015

ရီးယဲလ်တွင်သာ ဆက်နေသင့်ဟု ဘေးလ်ကို ဝေလနည်းပြ တိုက်တွန်း



ရီးယဲလ်တွင်သာ ဆက်နေသင့်ဟု ဘေးလ်ကို ဝေလနည်းပြ တိုက်တွန်း

ဂါရတ်သ်ဘေးလ် အနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်မလာသင့်ဘဲ ရီးယဲလ်မက်ဒရစ်တွင်သာ အောင်မြင်မှုများ ရှာဖွေသင့်ကြောင်း ဝေလ လက်ရွေးစင် အသင်းမန်နေဂျာ ခရစ်ကိုးလ်မန်းက တိုက်တွန်း ပြောကြားလိုက်သည်။

ဝေလ လက်ရွေးစင် တောင်ပံ တိုက်စစ်သမားသည် လီဗန်တေးကို (၂-၀)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ရီးယဲလ်အတွက် (၂)ဂိုးလုံး သွင်းယူခဲ့သည်။ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၈၆)သန်းဖြင့် တော့တင်ဟမ် ဟော့စပါးမှ ကူးပြောင်းသွားသည့် ဘေးလ်သည် လီဗန်တေးနှင့်ပွဲ မတိုင်မီ ရီးယဲလ်အသင်း (၃)ပွဲဆက် နိုင်ပွဲပျောက်ရာတွင် အဓိက ဝေဖန်ခံရသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဘေးလ် အနေဖြင့် အဆိုပါ အခြေအနေများကြောင့် စပိန်တွင် မပျော်ရွှင်ဘဲ ပရီးမီးယားလိဂ်သို့ပြန်ရန် စဉ်းစားနေကြောင်း ကောလာဟလများ ထွက်ပေါ်လာရာ ကိုးလ်မန်းက ကစားသမားကို ရီးယဲလ်တွင်ပင် ဆက်နေရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

ရီးယဲလ်ဆိုစီဒက်ကို ကိုင်တွယ်ဖူးသည့် ကိုးလ်မန်းက “စပိန်က အနေအထားတွေ ဘယ်လိုဘယ်ပုံ ဖြစ်တတ်တယ် ဆိုတာကို ကျွန်တော် သိပြီးသားပါ။ အထူးသဖြင့် ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးနဲ့ ကစားတဲ့အခါ ကိုယ်က ပွဲတိုင်း ဖျော်ဖြေမှုဆန်ဆန် ကစားပြနေဖို့ လိုတယ်။ နိုင်လည်းနိုင်ရမယ်၊ ဖျော်ဖြေမှုလည်း ဆန်ရမယ်။ ဒီတော့ တောင်းဆိုမှုက အရမ်းမြင့်လွန်းတယ်။ နိုင်တယ်၊ ဒါပေမဲ့ ကောင်းကောင်း မကစားနိုင်ဘူး ဆိုရင်လည်း ပရိသတ်က လက်မခံကြပြန်ဘူး။ ရီးယဲလ်ဟာ ရှော်လ်ကေးကို ရှုံးပေမယ့် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ခဲ့တယ်။ ဒါပေမဲ့ အဲဒါလည်း အလှောင်ပြောင် ခံရတာပဲလေ” ဟု ဆိုသည်။

၎င်းက “ဘေးစကားတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်မခံဖို့ လိုပါတယ်။ ဘေးလ်အတွက်ကတော့ လောလောဆယ် အဲဒီဘောင်ထဲ ရောက်နေတယ်။ ဒါကတော့ သူ့အနေနဲ့ ကံဆိုးတာလို့လည်း ပြောနိုင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ဘေးလ်ဟာ ရင့်ကျက်တဲ့ ကစားသမား တစ်ယောက်ပါ။ သူ့အနေနဲ့ လီဗန်တေးနဲ့ပွဲမှာ ဂိုးတွေ သွင်းနိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးလည်း အဆင်ပြေလာမှာပါ။ ပြီးတော့ သူဟာ အသင့်တော်ဆုံး နည်းပြ လက်အောက်မှာ ကစားနေတယ်။ ကာလိုအန်ဆလော့တီရဲ့ ဘောလုံး အတွေးအခေါ်ဟာ သူနဲ့တော့ အံဝင်ခွင်ကျပါပဲ” ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment