Pages

Subscribe:

Sunday, March 29, 2015

ဇာဗီကို ခေါ်ယူရန် ဆွေးနွေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း အယ်လ်ဆက် အတည်ပြု



ဇာဗီကို ခေါ်ယူရန် ဆွေးနွေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း အယ်လ်ဆက် အတည်ပြု

အသင်းနည်းပြက ကစားသမားနှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ပြောကြားခဲ့သော်လည်း ဘာစီလိုနာ ဝါရင့် ကွင်းလယ်ကစားသမား ဇာဗီကို ခေါ်ယူရန် ဆွေးနွေးမှု ပြုလုပ်နေဆဲ ဖြစ်ကြောင်း ကာတာဘောလုံးကလပ် အယ်လ်ဆက်က အတည်ပြု ပြောကြားလိုက်သည်။

အသက် ၃၅ နှစ်အရွယ် ဇာဗီ၏ ဓာတ်ပုံသည် အသင်း၏ အားကစားဒါရိုက်တာ မူဟာမက် ဂိုလမ်နှင့်အတူ Instagram စာမျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ဓာတ်ပုံနှင့်အတူ အယ်လ်ဆက် အနေဖြင့် ဘာစီလိုနာ အသင်းခေါင်းဆောင် ဇာဗီကို ခေါ်ယူနိုင်ခဲ့ကြောင်း၊ ယခုဓာတ်ပုံမှာ ကစားသမားနှင့် အားကစားဒါရိုက်တာ မူဟာမက် ဂိုလမ်တို့၏ ဓာတ်ပုံဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

သို့သော်လည်း အယ်လ်ဆက်၏ ဝက်ဘ်ဆိုက်တွင်မူ ဇာဗီနှင့် သဘောတူညီမှုမရရှိသေးကြောင်း၊ ကစားသမားကို ခေါ်ယူရန်အတွက် ဆွေးနွေးမှု ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“အယ်လ်ဆက်အနေနဲ့ စပိန်ကြယ်ပွင့် ဇာဗီဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုပြုလုပ်လိုတယ်လို့ အယ်လ်ဆက်က အတည်ပြုလိုပါတယ်။ လက်ရှိမှာ ကစားသမားက အသင်းကို ပြောင်းရွှေ့တဲ့အခါမှာ သူနေရမယ့် တိုင်းပြည်နဲ့ ပတ်သက်ပြီး သိရှိထားဖို့အတွက် ဒိုဟာမှာ သူ့ရဲ့ မိသားစုနဲ့အတူ ရှိနေပါတယ်။ ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်တဲ့အခါမှာ အသင်းက တရားဝင်ကြေညာမှုတွေ ပြုလုပ်သွားမှာပါ” ဟု အဆိုပါ ကာတာဘောလုံးကလပ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

Goal ကမူ အယ်လ်ဆက် အနေဖြင့် ကစားသမားဘဝတစ်လျှောက် ဘာစီလိုနာတွင်သာ ကစားခဲ့သည့် ဇာဗီကို ခေါ်ယူနိုင်မည့် သဘောတူညီချက်အား တနင်္ဂနွေနေ့တွင် ကြေညာဖွယ်ရှိကြောင်း ဆိုခဲ့သည်။
စပိန် လက်ရွေးစင် ကစားသမားဟောင်းသည် ယခုနှစ် ဘောလုံးရာသီ မစခင်က ကာတာကလပ် အယ်လ်အာရာဗီနှင့် မေဂျာလိဂ်ကလပ် နယူးယောက်ခ်စီးတီးတို့ဖြင့် ဆွေးနွေးခဲ့သော်လည်း လူးဝစ်အင်းနရစ် လက်အောက်တွင် တစ်ရာသီ ဆက်ကစားရန် ဆုံးဖြတ်ခဲ့သည်။

ဇာဗီသည် ၁၉၉၁ ခုနှစ်က ဘာစီလိုနာသို့ လူငယ်ကစားသမားအနေဖြင့် ရောက်ရှိခဲ့ပြီး ၁၉၉၉ – ၂၀၀၀ ဘောလုံးရာသီတွင် ပထမအသင်း၌ ပုံမှန် ပါဝင်ခွင့်ရရှိခဲ့သည်။ အဆိုပါ ကွင်းလယ် ကစားသမားသည် လာလီဂါ ဆုဖလား ၇ ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား ၃ ကြိမ် ရရှိခဲ့သည်။
၎င်းသည် ဘာစီလိုနာ ကစားသမားဟောင်းများဖြစ်သည့် ပပ်ဂွာဒီယိုလာ၊ ဂါဘရီ ဂါစီယာ၊ ဖရန့်ခ်ဒီဘိုးဝါး၊ ရော်နယ်ဒီဘိုးဝါး၊ ခရစ္စတိုဖီ ဒူဂါရီ၊ ရိုမာရီယိုနှင့် ဆန်နီအန်ဒါဆန် တို့ကဲ့သို့ ကစားသမားဘဝ တစ်စိတ်တစ်ဒေသကို ကာတာတွင် ကုန်ဆုံးရန် စီစဉ်နေခြင်း ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment