Pages

Subscribe:

Wednesday, March 18, 2015

ပထမအကျော့ ရလဒ်က အာဆင်နယ်ကို ဒုက္ခပေးသွားခြင်းဟု ဝင်းဂါးညည်းညူ



ပထမအကျော့ ရလဒ်က အာဆင်နယ်ကို ဒုက္ခပေးသွားခြင်းဟု ဝင်းဂါးညည်းညူ

ပထမအကျော့ ရလဒ်ဆိုးက မိမိတို့ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှင့် ဝေးကွာစေခဲ့ခြင်းဖြစ်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံညည်းညူသွားခဲ့သည်။

အာဆင်နယ် အသင်းသည် မိုနာကိုအား အဝေးကွင်းတွင် (၂-၀)ဖြင့် အနိုင်ကစားနိုင်ခဲ့သော်လည်း ပထမအကျော့ အိမ်ကွင်း အရှုံးရလဒ်ဖြင့် ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်မှ (၅)ရာသီဆက်တိုက်အဖြစ် ထွက်ခွာခဲ့ရသည်။ မိုနာကိုသည် အမ်းမရိတ်စ်တွင် အာဆင်နယ်ကို (၃-၁)ဖြင့် အနိုင်ရထားရာ ဂိုးကွာခြားချက် တူညီသော်လည်း အဝေးဂိုး ပိုသွင်းနိုင်သဖြင့် နောက်တစ်ဆင့် တက်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်သား မန်နေဂျာကြီးက မိုနာကိုကွင်းတွင် မိမိတို့ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ပထမအကျော့ ရလဒ်၏ ခြောက်လှန့်မှုအောက်မှ မလွတ်မြောက်ခဲ့ဟု ဖွင့်ဟခဲ့သည်။

ဝင်းဂါးက “ဘောလုံးဆိုတာ နတ်သမီးပုံပြင်တစ်ပုဒ်တော့ မဟုတ်ဘူးလေ။ လက်တွေ့ကျကျ အချက်အလက်တွေအပေါ် အများကြီး မူတည်တယ်။ ပထမအကျော့တုန်းက မိုနာကိုဟာ ဂိုးသွင်းမှု အပိုင်းမှာ အရမ်းထက်မြက်ခဲ့တယ်။ ဒါက ကံကောင်းတာလည်း ဖြစ်ချင်ဖြစ်မယ်။ အခုပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က လုံလောက်တဲ့ အခြေအနေ ရှိခဲ့တယ်။ ပထမပိုင်းမှာ ရခဲ့တဲ့ အခွင့်အရေးတချို့ ဂိုးထပ်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ နောက်တစ်ဆင့် တက်နိုင်ခဲ့မှာပါ။ ဒီပွဲမတိုင်ခင် ကတည်းက ပြိုင်ပွဲက ထွက်ရဖို့ (၉၈)ရာခိုင်နှုန်းလောက် အလားအလာ ရှိမယ်မှန်း ကျွန်တော်တို့ သိပြီးသားပါ။ ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ စနေနေ့ပွဲမှာ အရမ်းအားထည့် ကစားထားရတော့ တချို့ ကစားသမားတွေက တိုက်စစ်ဆင်ချိန်မှာ သိပ်မလန်းဆန်းဘူး ဖြစ်နေတယ်”ဟု ဆိုသည်။

၎င်းက “ခြုံပြီးကြည့်ရင် ကျွန်တော်တို့ အသင်းဟာ ပထမအကျော့ ရလဒ်ကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခုပွဲစဉ်မှာ လိုအပ်တဲ့ ရလဒ်မျိုး ထွက်ပေါ်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ မိုနာကိုဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့တိုင် ဂိုးပေါက်ကို တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ဘူး”ဟု ပြောကြားသွားသည်။ အာဆင်နယ်အတွက် (၃၆)မိနစ်တွင် အိုလီဗီရာ ဂီရော့ဒ်နှင့် (၇၉)မိနစ်တွင် အာရွန်ရမ်ဆေးတို့က ဂိုးများ သွင်းခဲ့သော်လည်း အင်္ဂလန် ကလပ်အနေဖြင့် ကံမကောင်းခဲ့ချေ။

နောက်ခံလူ လောရင့် ကိုစီရယ်လ်နီက “နှစ်တိုင်း တစ်ပုံစံတည်း အခြေအနေ အကြောင်းပဲ ကျွန်တော်တို့ ပြောနေရတယ်။ ပထမပွဲ ရလဒ်က ကမ္ဘာပျက်ခဲ့တာပါပဲ။ ဒီအခြေအနေကို မှန်ကန်တည့်မတ်လာအောင် ကျွန်တော်တို့ လုပ်ရပါဦးမယ်။ အာဆင်နယ်ဟာ နှစ်ပွဲစလုံး ကစားပုံကောင်းဖို့ လိုပါတယ်”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment