Pages

Subscribe:

Friday, March 27, 2015

အာဆင်နယ်ကို ဆက်ဇနီ စွန့်ခွာသင့်ဟု ဒူဒက်ခ် အကြံပြု



အာဆင်နယ်ကို ဆက်ဇနီ စွန့်ခွာသင့်ဟု ဒူဒက်ခ် အကြံပြု

ဝိုဆစ်ခ်ျ ဆက်ဇနီ အနေဖြင့် ပုံမှန်ပွဲထွက်နေရာ မရရှိပါက အာဆင်နယ် အသင်းကို စွန့်ခွာသင့်ကြောင်း ယာဇီဒူဒက်ခ်က အကြံပြု ပြောကြားသွားခဲ့သည်။

လီဗာပူးလ်နှင့်အတူ ပရီးမီးယားလိဂ် ကစားသမား ဘဝကို ဖြတ်သန်းခဲ့ဖူးသည့် ပိုလန်လက်ရွေးစင် ဂိုးသမားဟောင်းကြီးက လက်ရွေးစင် အသင်းတွင် ၎င်း၏ နေရာကို ဆက်ခံသည့် ဆက်ဇနီ အနေဖြင့် ပွဲထွက်နေရာ ဆုံးရှုံးလျှင် အမ်းမရိတ်စ်၌ ဆက်မနေသင့်ဟု ယူဆနေသည်။ ဆက်ဇနီသည် ဇန်နဝါရီလ ကတည်းက အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် မရတော့ဘဲ ကိုလံဘီယာ ဂိုးသမား ဒေးဗစ်အော့စ်ပီနာ၏ ကျော်တက်ခြင်းကို ခံခဲ့ရသည်။ ဆောက်သမ်တန်ကို အရေးနိမ့်သည့် ပွဲစဉ်အပြီး ဆေးလိပ်သောက်နေသည့် ၎င်း၏ ဓာတ်ပုံများ ထွက်ပေါ်လာသည့်နောက် ဆက်ဇနီသည် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါး၏ ယုံကြည် အားကိုးမှုကို ဆုံးရှုံးလာခဲ့ခြင်း ဖြစ်သည်။

ဒူဒက်ခ်က ကလပ်အသင်းတွင် ပွဲထွက်နေရာ ဆုံးရှုံးခြင်းသည် ဆက်ဇနီ၏ လက်ရွေးစင် ဘဝကိုပါ ထိခိုက်လာနိုင်သည်ဟု ယုံကြည်နေသည်။ “ဒါက တကယ်အရေးကြီးတဲ့ ကိစ္စပါ။ တကယ်လို့ ကျွန်တော်သာ သူ့နေရာမှာဆိုရင် အာဆင်နယ်မှာ ကိုယ့်အတွက် အခွင့်အရေး ရှိနိုင်သေးသလား ခဏစောင့်ကြည့်ပါမယ်။ လူးကက်စ် ဖေဘီယန်စကီးတုန်းကလို အချိန်အကြာကြီးတော့ စောင့်နေမှာ မဟုတ်ဘူး။ အခုဆို ဝင်းဂါးက အော့စ်ပီနာအပေါ် အခိုင်အမာ ယုံကြည်မှု ပြသနေတာ သိသာတယ်လေ။ ကံကောင်းတာက ပိုလန်မှာ တခြား အဆင့်မြင့် ဂိုးသမား နှစ်ယောက်ကို ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ”ဟု ဒူဒက်ခ်က ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment