Pages

Subscribe:

Monday, March 23, 2015

ဂီရော့ဒ်ကို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးအဖြစ် ဝင်းဂါးညွှန်းဆို



ဂီရော့ဒ်ကို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးအဖြစ် ဝင်းဂါးညွှန်းဆို

တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်သည် ကမ္ဘာ့အဆင့် ကစားသမားကောင်း တစ်ဦးဖြစ်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ချီးကျူး ပြောဆိုလိုက်သည်။
အာဆင်နယ်သည် စိန့်ဂျိမ်းစ်ပါ့ခ်တွင် နယူးကာဆယ်လ် ယူနိုက်တက်ကို (၂-၁)ဖြင့် အနိုင်ရခဲ့ရာ ပြင်သစ်လက်ရွေးစင် ဂီရော့ဒ်က (၂)ဂိုးစလုံး သွင်းယူပေးခဲ့သည်။ အဆိုပါ ရလဒ်ကြောင့် အာဆင်နယ် အနေဖြင့် အမှတ်ပေးဇယား အဆင့်(၃)နေရာတွင် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။ ဂီရော့ဒ်သည် ယခုရာသီ အသင်းအတွက် (၂၆)ပွဲတွင် (၁၇)ဂိုးထိ သွင်းယူထားပြီး ယင်းအနက် နောက်ဆုံး (၁၂)ပွဲတွင် (၁၀)ဂိုးထိ ရရှိထားသည်။ စက်တင်ဘာလတွင် အသက်(၂၉)နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ဂီရော့ဒ်၏ ခြေစွမ်းသည် အမြင့်ဆုံး အဆင့်ထိ ဆက်လက် တိုးတက်လာဦးမည်ဟု ဝင်းဂါးက ယုံကြည်နေသည်။
သတင်းထောက်များက ဂီရော့ဒ်သည် ကမ္ဘာ့အဆင့် ကစားသမားမျိုး ဟုတ်မဟုတ် မေးမြန်းသည့်အခါ ဝင်းဂါးက “ကျွန်တော်လည်း အဲဒီလို ထင်ပါတယ်။ ဒီအချက်ကို သူ့ရဲ့ သွင်းဂိုးတွေက သက်သေခံလိမ့်မယ်။ ဒါပေမဲ့ လက်ရှိထက် သူဟာ ပိုတိုးတက်လာနိုင်ပါသေးတယ်။ အခုဆိုရင် သူဟာ အရင်ကထက် နည်းစနစ်ပိုင်းမှာ ပိုကောင်းလာပြီ။ သူ့ရဲ့ ဘောလုံးထိချက်တွေ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားပုံတွေ၊ ပြီးတော့ အဆုံးသတ်ပုံတွေ အားလုံး တိုးတက်လာတယ်။ အသင်းကို သူစရောက်လာချိန်နဲ့ ပြန်ယှဉ်ကြည့်ရင် သိသိသာသာ ပိုကောင်းလာတာကို လက်ခံနိုင်လိမ့်မယ်”ဟု ဆိုသည်။
၎င်းက “ဂီရော့ဒ်ဟာ တကယ့်ဖိုက်တာ တစ်ယောက်ပါ။ သူဟာ စိတ်ဓာတ်ခွန်အား ပြည့်ဝတဲ့ ကစားသမားကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အသက် (၂၂)နှစ်၊ (၂၃)နှစ်လောက်ထိ ပြင်သစ်ရဲ့ တတိယတန်းလောက်မှာ ကစားခဲ့ရတယ်။ အခုတော့ သူဟာ အာဆင်နယ်ရဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါပြီ”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment