Pages

Subscribe:

Sunday, March 29, 2015

အမေရိကန် ဂေါက်သီးရိုက် အကယ်ဒမီမှ လူငယ် နှစ်ဦး စင်ကာပူ ဆီးဂိမ်းတွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်မည်



အမေရိကန် ဂေါက်သီးရိုက် အကယ်ဒမီမှ လူငယ် နှစ်ဦး စင်ကာပူ ဆီးဂိမ်းတွင် မြန်မာကိုယ်စားပြု ဝင်ပြိုင်မည်
Written by  ရွှေဘုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းတွင် အမေရိကန်နိုင်ငံ ဂေါက်သီးရိုက် အကယ်ဒမီ၌ ပညာသင်ကြားနေသည့် လူငယ် နှစ်ဦးအား မြန်မာနိုင်ငံကိုယ်စားပြု၍ ဝင်ပြိုင်ရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် အဖွဲ့ဝင် (ပရိုဖက်ရှင်နယ် ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဌ) တစ်ဦးဖြစ်သူ ဦးချမ်းဟန်က ပြောသည်။

အဆိုပါ ကစားသမားနှစ်ဦးမှာ အသက် ၁၆ နှစ်အရွယ်ရှိ ဘုန်းပြည့်ချမ်းဟန်နှင့် အသက် ၁၈ နှစ် အရွယ်ရှိ စည်သူရဲရင့်တို့ ဖြစ်ကြပြီး လက်ရှိတွင် IMG ဂေါက်အကယ်ဒမီနှင့် ဂယ်ရီဂေးခရပ်ဖ် ဂေါက်အကယ်ဒမီ တို့တွင် ပညာသင်ကြားလျက် ရှိသည်။

ယင်းကစားသမား နှစ်ဦးနှင့် ပတ်သက်၍ “အမေရိကန်နိုင်ငံ ဂေါက်အကယ်ဒမီမှာ ပညာသင်နေတဲ့ မြန်မာ လူငယ်နှစ်ဦးကို လာမယ့်ဆီးဂိမ်းမှာ ထည့်ဖို့ စီစဉ်ထားပါတယ်။ ဘုန်းပြည့်က IMG မှာ ခြောက်လ လောက်တော့ရှိပြီ။ စည်သူကတော့ ဂယ်ရီဂေးခရပ်ဖ်အကယ်ဒမီမှာ နှစ်နှစ် ၀န်းကျင်လောက်ရှိပြီ။ ဆီးဂိမ်းမှာ ဂေါက်အဖွဲ့က လေးယောက်ရွေးမှာဆိုတော့ နှစ်ယောက်ကို ဒီလူငယ်လေးနှစ်ယောက်ကို ရွေးပြီး ကျန်တာကိုတော့ ပြည်တွင်းကပဲရွေးသွားမှာပါ။ သူတို့နှစ်ယောက်ကို ရွေးရတာက သူတို့က ဟိုမှာလည်း ပွဲတွေတောက်လျှောက် ရိုက်နေရတယ်။ လက်ရည်လည်း ကောင်းလို့ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ အခြားနိုင်ငံလို အထောက်ကူပစ္စည်းတွေ ယှဉ်နိုင်ပေမယ့် ကွင်းတွေ လေ့ကျင့်မှု ဆရာထားရှိမှုတွေကိုတော့ ယှဉ်လို့မရနိုင်သေးပါဘူး” ဟု ဦးချမ်းဟန် က ပြောသည်။

လာမည့် ဧပြီလတွင် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေ တို့မှ ကြီးမှူး၍ ယခုနှစ် ၂၀၁၅ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲအား ဧပြီမှ ဒီဇင်ဘာအထိ ၈ လ ကြာ ပွဲစဉ် ၉ ခု ပါဝင်မည့် ပြိုင်ပွဲရှည် ကျင်းပရန်လည်း စီစဉ်ထားသည်။


မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၇ ကြိမ်မြောက် နေပြည်တော် ဆီးဂိမ်းတွင် လေးယောက်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း ငွေတံဆိပ်ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။

Mizzima

0 comments:

Post a Comment