Pages

Subscribe:

Wednesday, March 18, 2015

ပရီးမီးယားလိဂ် ဖိအားက မန်စီးတီး၏ ဥရောပ ပွဲစဉ်များကို ထိခိုက်သက်ရောက်စေဟု ဂျက်ကိုသုံးသပ်



ပရီးမီးယားလိဂ် ဖိအားက မန်စီးတီး၏ ဥရောပ ပွဲစဉ်များကို ထိခိုက်သက်ရောက်စေဟု ဂျက်ကိုသုံးသပ်

ပရီးမီးယားလိဂ်၏ စိန်ခေါ်မှု ပြင်းထန်သော အခြေအနေများက ဥရောပ ပွဲစဉ်များတွင် မန်ချက်စတာစီးတီးကို ထိခိုက် သက်ရောက်စေခဲ့ကြောင်း တိုက်စစ်မှူး အီဒင်ဂျက်ကိုက မှတ်ချက်ပြု ပြောကြားခဲ့သည်။

မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီ ကိုင်တွယ်နေသော အသင်းသည် ဥရောပ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့တွင် အိမ်ကွင်း၌ ဘာစီလိုနာကို (၂-၁)ဖြင့် အရေးနိမ့်ထားသည်။ မန်စီးတီးသည် ပရီးမီးယားလိဂ်တွင် ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ် အစရှိသည့် အသင်းများ၏ ဖိအားပေး ပြိုင်ဆိုင်မှုကို ကြုံနေရာ အဆိုပါ အခြေအနေက ဥရောပ ပြိုင်ပွဲများတွင် အသင်း၏ စွမ်းဆောင်ရည်အပေါ် ဂယက်ရိုက်စေနိုင်ကြောင်း ဘော့စ်နီးယား လက်ရွေးစင် ဂျက်ကိုက ဆိုသည်။

“ဥရောပက တခြားလိဂ်တွေကို ကြည့်လေ။ ထိပ်ပိုင်း အသင်းတွေနဲ့ တခြားအသင်းတွေကြား ကွာဟမှုက တော်တော်လေး ကြီးတယ်။ ချန်ပီယံဆုအတွက် တစ်သင်းတည်း၊ ဒါမှမဟုတ် အလွန်ဆုံး နှစ်သင်း၊ သုံးသင်းလောက်ပဲ အားပြိုင်ကြတာ။ အင်္ဂလန်မှာက ခြောက်သင်း၊ ခုနစ်သင်းလောက်ထိ ချန်ပီယံ ဖြစ်နိုင်ခြေ ရှိသေးတယ်။ ပြီးတော့ အမှတ်ပေးဇယား အောက်ဆုံးက အသင်းကလည်း ထိပ်ဆုံးတန်း အသင်းတွေကို အနိုင်ရသွားနိုင်တာပဲ။ အင်္ဂလန် အသင်းတွေ ဥရောပမှာ ဘာကြောင့် ကျရှုံးသလဲဆိုတဲ့ အကြောင်းရင်းတွေမှာ အဲဒါလည်း ပါတယ်။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပဲ။ ပွဲတိုင်းက ခက်ခဲတယ်။ ကစားသမားတွေကို အနားပေးထားလို့ မရဘူး။ ပွဲတိုင်းကို ခွန်အားအပြည့်နဲ့ ကစားရတယ်။ အဲဒီအချိန် ဥရောပ ပြိုင်ပွဲတွေက ပြည်တွင်းလိဂ်တွေမှာ သူတို့ရဲ့ အရေးပါတဲ့ ကစားသမား တချို့ကို ပေးနားထားနိုင်တယ်လေ”ဟု ဂျက်ကိုက ထောက်ပြခဲ့သည်။

၎င်းက “ပထမအကျော့တုန်းက ကျွန်တော်တို့ ဘာစီလိုနာကို အိမ်ကွင်းမှာ မရှုံးအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ စွမ်းဆောင်မှုမျိုး လုပ်မပြနိုင်ခဲ့ဘူး။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ဒုတိယပိုင်းမှာတော့ ကစားပုံ ပိုကောင်းလာပြီး ဂိုးလည်း သွင်းနိုင်ခဲ့တယ်။ နောက်ထပ် ဂိုးတွေရဖို့ အခွင့်အရေး တချို့လည်း ပေါ်လာပါသေးတယ်။ တကယ်လို့ အနီကတ်ထိပြီး တစ်ယောက် လျော့မသွားရင် ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူက ကြိုပြောနိုင်မှာလဲ။ အခုတော့ ကျွန်တော်တို့ ဘာစီလိုနာကို အံ့ဩသွားအောင် လုပ်ပြချင်ပါတယ်။ မန်စီးတီးဟာ အဆုံးစွန်ထိ တိုက်ပွဲဝင်သွားမှာပါ။ ပထမအကျော့ထက် ခြေစွမ်းပိုကောင်းအောင် ကျွန်တော်တို့ ကစားပြချင်ပါတယ်။ ဒါဆိုရင် နောက်တစ်ဆင့်တက်ဖို့ လုံလောက်တဲ့ အခြေအနေ ရှိမလား ဆိုတာကိုတော့ ကြည့်ရမှာပေါ့”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment