Pages

Subscribe:

Monday, March 23, 2015

မာတာ သွင်းယူသည့် ဂိုးကို အွန်နရီ ချီးကျူး စကားဆို



မာတာ သွင်းယူသည့် ဂိုးကို အွန်နရီ ချီးကျူး စကားဆို

လီဗာပူးလ်နှင့် ပွဲတွင် ဟွမ်မာတာ သွင်းယူခဲ့သည့် ဒုတိယဂိုးနှင့် ပတ်သက်၍ အာဆင်နယ် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း သီအာရီ အွန်နရီက ချီးကျူးစကား ပြောကြားလိုက်သည်။
ယူနိုက်တက်သည် တနင်္ဂနွေနေ့က အန်းဖီးလ်တွင် လီဗာပူးလ်ကို (၂-၁)ဖြင့် အနိုင်ရခဲ့ရာ စပိန် လက်ရွေးစင် မာတာက နှစ်ဂိုးစလုံး သွင်းယူခဲ့သည်။ ယင်းအနက် မာတာ၏ ဒုတိယဂိုးသည် အိန်ဂျယ်လ် ဒီမာရီယာ ကန်တင်ပေးသော ဘောလုံးကို လေထဲတွင် ကိုယ်တစောင်း ဝဲပျံရင်း ခြေလွတ်လက်လွတ် လှလှပပ ချိုးကန်သွားခြင်း ဖြစ်သည်။ Sky Sports၏ ဘောလုံး အစီအစဉ်မှူး အဖြစ် တာဝန် ယူထားသည့် ပြင်သစ်သားက “ဒီဂိုးမျိုးအတွက် ဘာဘာညာညာ ပြောနေဖို့ မလိုဘူး။ လက်ခုပ် တီးလိုက်ရုံပဲ ရှိတယ်”ဟု မှတ်ချက်ပြုခဲ့သည်။
“သူလုပ်ပြသွားတာကို မြင်ရတာ ကြည်နူးစရာပါ။ အထူးသဖြင့် အန်းဖီးလ်လို နေရာမှာ တင်းမာမှုအပြည့် ဖြစ်နေတဲ့ ပွဲတစ်ပွဲကို ကစားရင်း ဒီဂိုးမျိုး သွင်းနိုင်ခဲ့တာ ကျေနပ်စရာပါပဲ။ လူတွေကတော့ သူ့အကြောင်း ပြောနေကြမှာပါပဲ။ ကျွန်တော့် အနေနဲ့ သူ့အရည်အသွေးကို သိထားပေမယ့် ဒီလိုကစားပုံမျိုး မဖြစ်လောက်ဘူးလို့ ယူဆခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့ကတော့ သူ့အတွက် အထင်ကရ နေ့တစ်နေ့ပါပဲ”ဟု အွန်နရီက ဆိုသည်။ အွန်နရီနှင့်အတူ ပွဲအစီအစဉ် သုံးသပ်ခဲ့သည့် လီဗာပူးလ် ကစားသမားဟောင်း ဂျင်မီကာရေဂါကလည်း မာတာသည် ချယ်လ်ဆီးမှ ပြောင်းရွှေ့လာသည့်နောက်ပိုင်း ကြုံရသည့် စိန်ခေါ်မှုများကို ဖြေရှင်းစ ပြုလာနိုင်ပြီဟု သုံးသပ်ခဲ့သည်။
“မာတာက ကျွန်တော်တို့နိုင်ငံ အပြင်ဘက်က ရောက်လာတယ်ဆိုတာ မမေ့ပါနဲ့။ ဒါပေမဲ့ သူဟာ ပထမဆုံး (၂)နှစ်မှာ အပြောင်မြောက်ဆုံး ကစားပြခဲ့တယ်။ သူဟာ ချယ်လ်ဆီးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ဖူးပေမယ့် ဟိုဆေးမော်ရင်ဟိုက သူ့ကို ဖယ်ထုတ်ခဲ့တယ်။ အသင်းအတွက် လုပ်ပြခဲ့တာတွေ၊ ရယူဖူးတဲ့ ဆုဖလားတွေကို ကြည့်ရင် မော်ရင်ဟိုလို လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်စရာ သိပ်မရှိပါဘူး။ အခုတော့ မာတာဟာ သူ့အတွက် လုံလောက်အောင် ထူးချွန်မှု မရှိခဲ့ဘူးလားလို့ ပြန်မေးစရာ ဖြစ်လာပါပြီ”ဟု ကာရေဂါက ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment