Pages

Subscribe:

Wednesday, March 18, 2015

စတာလင်ကို ခေါ်လိုပါက ပေါင်သန်း(၁၀၀)မျှ ကုန်လိမ့်မည်ဟု ပယ်လီဂရီနီ မှတ်ချက်ပြု



စတာလင်ကို ခေါ်လိုပါက ပေါင်သန်း(၁၀၀)မျှ ကုန်လိမ့်မည်ဟု ပယ်လီဂရီနီ မှတ်ချက်ပြု

ရာဟင်မ်စတာလင်ကို မန်ချက်စတာ စီးတီး ဝယ်ယူပါက ပေါင်စတာလင် သန်း(၁၀၀)မျှ ကျသင့်လိမ့်မည်ဟု မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက မှတ်ချက်ပြု ပြောကြားခဲ့သည်။

မန်စီးတီးတွင် အင်္ဂလန် လူငယ်သွေးသစ်များ ပိုမိုစုဆောင်းထားရန် တိုက်တွန်းမှုများ ရှိနေသည့်တိုင် လက်တွေ့အားဖြင့် ခက်ခဲလွန်းသည်ကို ချီလီသား မန်နေဂျာကြီးက ဥပမာ ပေးခဲ့ခြင်း ဖြစ်သည်။ ဂျမေကာဖွား အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ်မှူးလေးသည် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေဘဲ ကြန့်ကြာနေရာ မန်စီးတီးက ၎င်းကို စိတ်ဝင်စားနေကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ပယ်လီဂရီနီက အင်္ဂလန်တွင် လူငယ်ကစားသမားများအတွက် တန်ကြေးသတ်မှတ်ချက် အဆမတန် မြင့်မားနေသည်ကို ထောက်ပြခဲ့သည်။

“စတာလင်ကို ခေါ်ဖို့ ဟုတ်လား။ ဒါဆို လီဗာပူးလ်ကို ကျွန်တော်တို့က ပေါင်စတာလင် သန်း(၁၀၀)လောက် ပေးနိုင်မှပဲ ရလိမ့်မယ်”ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးတီးတွင် အသက်(၂၉)နှစ်အရွယ် ဂျိမ်းစ်မီလ်နာသည်လည်း အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ထားသည့် အခြေအနေနှင့် ကြုံနေရသည်။ ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်မည့် မီလ်နာကို ပရီးမီးယားလိဂ် ကလပ်အချို့က အလေးအနက် ချိတ်ဆက်လျက် ရှိသည်။ မီလ်နာနှင့် ပတ်သက်ပြီး ပယ်လီဂရီနီက “ကျွန်တော်ကတော့ အသင်းမှာ သူဆက်နေမယ်လို့ မျှော်လင့်ပါတယ်။ သူဆက်မနေဘူး ဆိုရင်လည်း ဒါက သူ့အတွက် သိပ်ကောင်းတဲ့ ကမ်းလှမ်းမှု တစ်ခုခု ရှိလို့ပဲ ဖြစ်လိမ့်မယ်။ အသင်းကတော့ မီလ်နာကို ဆက်ရှိစေချင်တယ်။ တစ်ဖက်မှာလည်း သူက ပွဲများများ ကစားချင်တယ်လေ။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကတော့ မီလ်နာရဲ့ နံပါတ်(၁) ပရိသတ်ပါ။ သူ့ထက် ပိုကောင်းတဲ့ အင်္ဂလိပ် ကစားသမား တစ်ယောက်လောက် ပြစမ်းပါ။ တချို့တွေက နည်းဗျူဟာပိုင်း ပိုသာမယ်။ တချို့က ပိုမြန်မယ်။ တချို့က ခေါင်းတိုက် ပိုကောင်းမယ်။ ဟုတ်ပါပြီ။ ဒါပေမဲ့ မီလ်နာလို ဘက်စုံရတဲ့ ကစားသမား တစ်ယောက်လောက် ပြစမ်းပါ။ တစ်ယောက်မှ မရှိပါဘူး”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment