Pages

Subscribe:

Monday, March 16, 2015

ယူနိုက်တက်အတွက် အသင့်တော်ဆုံး ကစားကွက်ကို ဗန်ဂါးလ် ရှာတွေ့လာပြီဟု နဗီးလ်ယုံကြည်



ယူနိုက်တက်အတွက် အသင့်တော်ဆုံး ကစားကွက်ကို ဗန်ဂါးလ် ရှာတွေ့လာပြီဟု နဗီးလ်ယုံကြည်

လူးဝစ်ဗန်ဂါးလ် အနေဖြင့် မန်ချက်စတာ ယူနိုက်တက်အတွက် အသင့်တော် အမှန်ကန်ဆုံး ကစားကွက် အခင်းအကျင်းကို ရှာတွေ့သွားပြီဟု မိမိ ယုံကြည်ကြောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။

FAဖလားတွင် အိမ်ကွင်း၌ အာဆင်နယ်ကို အရေးနိမ့်ခဲ့ပြီး ဝေဖန်မှုများစွာ ကြုံနေရသည့် ယူနိုက်တက်သည် ပရီးမီးယားလိဂ်တွင်မူ အိုးလ်ထရက်ဖို့ဒ်၌ တော့တင်ဟမ် ဟော့စပါးကို သက်တောင့်သက်သာ အနိုင်ကစားသွားခဲ့သည်။ ယူနိုက်တက်သည် ဒီမာရီယာနှင့် ရာဒါမယ် ဖယ်လ်ကာအိုတို့ကို ချန်လှပ်ပြီး (၄-၃-၃) ပုံစံဖြင့် ပွဲထွက်လာခဲ့သလို တောင်ပံကစားသမားစစ်စစ် မပါဝင်ဘဲ ဝိန်းရွန်နီကို ဟွမ်မာတာ၊ မော်ရိုဖယ်လိုင်နီတို့ဖြင့် ပံ့ပိုး ကစားသွားပြီး (၃-၀)ဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ နဗီးလ်က ယခုပွဲတွင် အဖွင့်ဂိုးရှင် ဖယ်လိုင်နီသည် အကောင်းဆုံး ဖြစ်ခဲ့ကြောင်း ချီးကျူးခဲ့သလို ကွင်းလယ်တွင် ကစားရခြင်းထက် ရွန်နီ၏နောက်မှ လိုက်ပါပြီး တိုက်စစ်ကို ပံ့ပိုးသူ အနေဖြင့် ပိုမို အံဝင်သည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

လက်ရှိတွင် Sky Sports၏ ဘောလုံးကျွမ်းကျင်သူအဖြစ် တာဝန်ယူထားသော နဗီးလ်က “ဗန်ဂါးလ်ကို ယူနိုက်တက်မှာ မန်နေဂျာအဖြစ် ခန့်အပ်လိုက်ချိန်တုန်းက လူတိုင်းက (၄-၃-၃)ကိုပဲ သူအဓိက ကျင့်သုံးပြီး ကစားစေမယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ ရာသီကြို ပွဲစဉ်တွေမှာတော့ ဗဟိုခံစစ်မှူး (၃)ယောက်နဲ့ ပုံစံမျိုး စကစားလာတယ်။ ဒါက နယ်သာလန် အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ဗန်ဂါးလ် သုံးစွဲခဲ့တဲ့ ကစားကွက်ပါ။ ရာသီကြို ပွဲစဉ်တိုင်း ဒီကစားကွက်ကို သုံးခဲ့တယ်။ နောက်တော့ ပွဲစဉ်တချို့မှာ ပြန်စွန့်လွှတ်လိုက်တယ်။ စပါးနဲ့ ပွဲမှာတော့ စိန်ပွင့်ပုံစံ အခင်းအကျင်းနဲ့ (၄-၃-၃)ကို တွေ့ရပါတယ်။ ဒီကစားကွက်၊ ကစားပုံဟာ အသင်းဆီက လူတိုင်းမျှော်လင့်ထားတဲ့ အရာမျိုးလည်း ဖြစ်လောက်တယ်”ဟု ဆိုသည်။

၎င်းက “ဗန်ဂါးလ်ဟာ အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန်ကြီး လုပ်လွန်းတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒီပွဲဟာ ယူနိုက်တက်ရဲ့ တစ်ရာသီလုံး အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ပြသသွားတာလည်း ဖြစ်တယ်။ အသင်းရဲ့ Tempoဟာ ဒီပွဲမှာ တစ်ရာသီလုံး ကစားခဲ့သမျှထက် ပိုကောင်းတယ်။ လူတိုင်းက အကောင်းမြင် မျှော်လင့်နေပါပြီ။ ယူနိုက်တက်ဟာ ရှေ့ကို ပိုပြီး မြန်မြန်ဆန်ဆန် ခြေလှမ်းသစ် စတင်နိုင်မယ် ထင်ပါတယ်။ အသင်းက အမြင့်ဘောတွေနဲ့ ကစားသွားတာ မဟုတ်ဘဲ တိုက်စစ်ကို ကောင်းကောင်း ဘောလုံးပေးပို့ ကစားသွားပါတယ်။ ဗဟိုနောက်ခံလူတွေတောင် အချိန်ကိုက် တက်လာပြီး သပ်သပ်ရပ်ရပ် ဘောလုံးဖြန့်ဝေသွားတာတွေ တွေ့ရတယ်။ အရင်ကဆို ခံစစ်မှာ နှောင့်နှေးပြီး အချိန်ကြာနေတတ်ပေမယ့် ဒီပွဲမှာတော့ ဒါမျိုး သိပ်မတွေ့ရဘူး။ အဲဒီအချက်ကလည်း ကောင်းပါတယ်”ဟုလည်း သုံးသပ်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment