Pages

Subscribe:

Monday, March 23, 2015

လီဗာပူးလ်ကို အနိုင်ရခြင်းသည် မန်နေဂျာ ဘဝ အရေးအပါဆုံး အခိုက်အတန့် တစ်ခုဟု ဗန်ဂါးလ်ဆို



လီဗာပူးလ်ကို အနိုင်ရခြင်းသည် မန်နေဂျာ ဘဝ အရေးအပါဆုံး အခိုက်အတန့် တစ်ခုဟု ဗန်ဂါးလ်ဆို

လီဗာပူးလ်ကို အနိုင် ရခဲ့ခြင်းသည် မိမိ၏ ဘောလုံး မန်နေဂျာ သက်တမ်းတွင် အရေးအပါဆုံး အခိုက်အတန့်တစ်ခု ဖြစ်လာကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။
ဗန်ဂါးလ် လက်အောက်တွင် ပြန်လည် တည်ဆောက်နေသည့် ယူနိုက်တက်သည် ယခုအခါ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့်(၄) နေရာတွင် လီဗာပူးလ်အထက် (၅)မှတ်ဖြတ် ရပ်တည်နေပြီ ဖြစ်သည်။ အန်းဖီးလ်တွင် လီဗာပူးလ် အနေဖြင့် အသင်းခေါင်းဆောင် စတီဗင်ဂျရတ် အနီကတ်ပြ ထုတ်ပယ်ခံရခြင်းကြောင့် ဒုတိယပိုင်း တစ်လျှောက်လုံး တစ်ယောက်လျော့ ကစားခဲ့ရပြီး ယူနိုက်တက်က (၂-၁)ဖြင့် အနိုင်ရခဲ့သည်။ ဗန်ဂါးလ်က လီဗာပူးလ် အနေဖြင့် ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)သင်းတွင် ပါဝင်နိုင်ခြေ ရှိနေဆဲဟု အသိအမှတ် ပြုခဲ့သော်လည်း မိမိတို့၏ စွမ်းဆောင်ရည်ကို လျှော့တွက်၍ မရနိုင်တော့သည်ကို သက်သေပြနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်သည် ဒီဇင်ဘာလက အိုးလ်ထရက်ဖို့ဒ်တွင် ယူနိုက်တက်ကို (၃-၀)ဖြင့် အရေးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်တွင် (၁၂)ပွဲဆက် အရှုံးမရှိ ကစားနိုင်ခဲ့ပြီးမှ ယခုအခါ အရှုံးရလဒ်နှင့် ပြန်လည် ကြုံတွေ့သွားခြင်း ဖြစ်သည်။ နယ်သာလန်သား မန်နေဂျာကြီးက “ကျွန်တော်တို့ လီဗာပူးလ်ကို နောက်တစ်ကြိမ် နိုင်ခဲ့ပြန်ပါပြီ။ သူတို့က အကောင်းဆုံး ပုံစံမျိုး ရနေပေမယ့် အရင်လက်နက် အဟောင်းနဲ့ပဲ ကျွန်တော်တို့ သူတို့ကို အနိုင်ယူခဲ့တယ်။ ပထမပိုင်းမှာ ဘောလုံးကို ဖိအားပေး ရယူပြီး ကစားခဲ့တယ်လေ။ အခုဆို ကျွန်တော်တို့ လီဗာပူးလ်အထက် (၅)မှတ်၊ တော့တင်ဟမ် ဟော့စပါး၊ ဆောက်သမ်တန်တို့ထက် (၆)မှတ် အသာမှာ ရှိနေပြီ။ ဒီပွဲ အနိုင်ရလိုက်တဲ့ အခိုက်အတန့်က သိပ်အရေးကြီးပါတယ်။ ပြောရရင် ကျွန်တော့် ပရော်ဖက်ရှင်နယ် ဘောလုံးမန်နေဂျာ ဘဝမှာ အရေးအပါဆုံး အချိန်တစ်ခုလည်း ဖြစ်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။
၎င်းက “ဒါပေမဲ့ ရာသီသိမ်းချိန်ထိ (၈)ပွဲကစားဖို့ ကျန်သေးတယ်။ (၂၄)မှတ်စာပေါ့။ လီဗာပူးလ်ဟာ ချန်ပီယံဆုထိ မှန်းခွင့် ရှိနေသေးတယ်။ လီဗာပူးလ်လို ထိပ်တန်း အသင်းတစ်ခုဟာ အရှုံးတွေကို လက်ခံနိုင်ဖို့ လိုတယ်။ ကျွန်တော်တို့လည်း ရှုံးနိမ့်မှုတွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရတာပါပဲ။ အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးပြီးနောက် စပါး၊ လီဗာပူးလ်တို့နဲ့ ကျွန်တော်တို့ ရင်ဆိုင်ကစားဖို့ ကြုံလာတယ်။ လီဗာပူးလ်လည်း ဒီလို အခြေအနေကနေ ရုန်းထနိုင်မှာပါ။ သူတို့မှာ မန်နေဂျာကောင်းတစ်ယောက် ရှိနေပြီး အကောင်းဆုံး ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းအသင်း တစ်ခုပါ”ဟုလည်း ဆိုသည်။
ဗန်ဂါးလ်က ယခုပွဲတွင် နှစ်ဂိုးသွင်းယူပြသွားသည့် ကွင်းလယ်လူ ဟွမ်မာတာကို ချီးကျူးခဲ့သော်လည်း ကစားသမား အနေဖြင့် မိမိ၏ ကစားကွက် အခင်းအကျင်းတွင် ပုံသေ တာဝန်ယူရမည့် နေရာမျိုး မရှိသေးဟုလည်း ဝန်ခံခဲ့သည်။ “အခုပွဲမှာတော့ မာတာဟာ ယောင်ပြ ညာတောင်ပံသမား အနေနဲ့ ကစားခဲ့တယ်။ အဲဒီမှာ အန်ဒါဟာရဲရာ၊ အန်တိုနီယို ဗလန်စီယာတို့နဲ့ ချိတ်ကစားပြီး ဒီအချက်က သူ့အတွက် အခွင့်အရေးတွေ ပေါ်လာစေပါတယ်။ မာတာဟာ ကျွန်တော့်အသင်းမှာ ခြေအမှန်ဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဒီလို လုပ်ပြတာ ကျွန်တော်တော့ မအံ့ဩပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ တကယ်ပျော်မိပါတယ်”ဟု ဗန်ဂါးလ်က ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment