Pages

Subscribe:

Thursday, March 19, 2015

ပင်နယ်တီအသုံးမချနိုင်ခဲ့လို့ ဘာစီလိုနာကိုကပ်ရှုံးခဲ့တဲ့ မန်စီးတီး



ပင်နယ်တီအသုံးမချနိုင်ခဲ့လို့ ဘာစီလိုနာကိုကပ်ရှုံးခဲ့တဲ့ မန်စီးတီး

ဘာစီလိုနာကွင်းနူးကမ့်မှာ ဘာစီလိုနာကို မန်စီးတီးအသင်း ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ မန်စီးတီးကိုအနိုင်ယူကာနောက်တဆင့် တက်သွားခဲ့ပြီဖြစ်ပါတယ်။
ဘာစီလိုနာဟာ မန်စီးတီးကို အိမ်ကွင်းမှာ ရာကီတစ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး မန်စီးတီးဘက်က တိုက်စစ်မှူး အဂူရိုရတဲ့ပင်နယ်တီပြစ်ဒဏ်ကို အသုံးမချနိုင်ခဲ့တာလည်း တွေ့ရပါတယ်။
ပွဲအစမှာ ဘာစီလိုနာက မက်ဆီ၊ နေမာ၊ ဆွာရက်ဇ် တိုက်စစ်သုံးယောက်တွဲနဲ့ ပွဲထွက်လာခဲ့ပြီး အင်နီယေစတာ မာရှေယာနိုတို့ကိုလည်း ပွဲထွက်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ မန်စီးတီးကတော့ တိုက်စစ်မှူး အဂူရိုကိုပဲအထောင်ထားပြီး ပွဲထုတ်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးဟာ တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရတာဆိုပေမယ့် ဘာစီလိုနာရဲ့ ဖိအားပေးမှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ဂိုးသမားဂျိုးဟတ်ရဲ့ လက်စွမ်းကောင်းမွန်ခဲ့လို့သာ ဂိုးပြတ်မရှုံးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဂိုးပေါက်ကို ဘာစီလိုနာက မိနစ်ကိုးဆယ်အတွင်း ၁၁ ကြိမ်တိတိ ကန်သွင်းပေမယ့် တစ်ဂိုးပဲရတာဟာ ဂျိုးဟတ်ရဲ့လက်စွမ်း ကြောင့် ဖြစ်ပါတယ်။
မက်ဆီရဲ့ခြေစွမ်းပြမှုကလည်း မန်စီးတီးအတွက် အတော်အလုပ်ရှုပ်ခဲ့ပြီး တိုက်စစ်ပြန်မဆင် ဖြစ်လောက်အောင်ကို ဖြစ်ခဲ့ရပါတယ်။ မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီရဲ့တည်ငြိမ်မှုကလည်း မေးခွန်းထုတ်ချင်စရာ ဖြစ်လာခဲ့ရပါပြီ။ ပွဲစပြီးငါးမိနစ်အတွင်းမှာတင် ကွန်ပနီရဲ့ အမှားကြောင့် ဘာစီလိုနာကို ဂိုးပေးရလုနီးနီးဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာတော့ မက်ဆီရဲ့ တကိုယ်တော်ခြေစွမ်းနဲ့ တဆင့် မန်စီးတီးနောက်တန်းကို မွှေနှောက်ပြီး ရာကီတစ်ဆီ ဘောလုံးရောက်ခဲ့ပါတယ်။ ရာကီတစ်က ရင်ဘတ်နဲ့ထိန်းကာ တည်တည်ငြိမ်ငြိမ်ပဲ သွင်းယူခဲ့လို့ ဂိုးသမားဂျိုးဟတ် ဒီတစ်ကြိမ်တော့ ဘာမှ မတက်နိုင်ခဲ့ပါဘူး။
မန်စီးတီးအသင်းဘက်က အကောင်းဆုံး ကစားသမားဟာ ဂျိုးဟတ်ဖြစ်ခဲ့ပြီး နေမာရဲ့အပိုင်ကန်ချက် တွေကို တစ်ယောက်ချင်းအတွေ့မှာ ကာကွယ်နိုင်ခဲ့သလို အင်နီယေစတာ၊ မက်ဆီတို့ရဲ့ တွဲလုံးတွေက တဆင့် ထိုးဖောက်မှုတွေကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။
၇၇ မိနစ်မှာ မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ပင်နယ်တီဧရိယာထဲမှာ ပီကေးနဲ့ မာရှေယာနိုတို့နှစ်ဦး ပေါင်းပြီးလှဲချခဲ့လို့ မန်စီးတီးပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ ဒီပင်နယ်တီကို အဂူရိုကိုယ်တိုင် ကန်သွင်းပေမယ့် ဘာစီလိုနာဂိုးသမား တာစတယ်ဂန် ကာကွယ်နိုင်ခဲ့လို့ မန်စီးတီးနစ်နာခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ ဆွာရက်ဇ်ရဲ့ ကန်ချက်လည်း ဘာတန်းထိခဲ့လို့ မန်စီးတီးကံကောင်းသွားခဲ့ပါတယ်။ မက်ဆီရဲ့ ကန်ချက်လည်း ဂိုးဝင်လုဆဲဆဲ အခြေအနေဖြစ်ခဲ့ပေမယ့် တစ်ပွဲလုံးလက်စွမ်းပြနေတဲ့ မန်စီးတီးဂိုးသမား ဂျိုးဟတ်က ကာကွယ်နိုင်ခဲ့လို့ နူးကမ့်မှာ မန်စီးတီး ဂိုးမပြတ်ပဲ ကပ်ပြီး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment