Pages

Subscribe:

Sunday, April 19, 2015

ဆီးဂိမ်းတွင် မြန်မာ ယူ-၂၃ အသင်း အိမ်ရှင် စင်ကာပူနှင့် တစ်အုပ်စုတည်း ကျရောက်



ဆီးဂိမ်းတွင် မြန်မာ ယူ-၂၃ အသင်း အိမ်ရှင် စင်ကာပူနှင့် တစ်အုပ်စုတည်း ကျရောက်
Written by  ရွှေဘုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲအတွက် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က အုပ်စုအဆင့်မဲခွဲရာတွင် မြန်မာ ယူ-၂၃ အသင်းသည်  အိမ်ရှင် စင်ကာပူ အပါအဝင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် အစရှိသည့် အသင်းများနှင့် အုပ်စု (က) ၌ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။
အခြားအုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ တီမော အစရှိသည့် အသင်းများ ပါဝင်လျက် ရှိသည်။ ယခုနှစ် ၂၀၁၅ စင်ကာပူဆီးဂိမ်းကို လာမည့် ဇွန်လ ၅ ရက်တွင် ဖွင့်ပွဲများ ပြုလုပ်မည် ဖြစ်သော်လည်း ဘောလုံးပွဲစဉ်များကိုမူ မေလ ၂၉ ရက်တွင် စတင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ပဏာမ ကစားသမား ၃၀ ဦးရွေးချယ်ကာ ဧပြီလ ၁၈ ရက်မှ စတင်၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့ပြင် မြန်မာ ယူ-၂၃ အသင်းသည် စင်ကာပူဆီးဂိမ်းသို့ မသွားရောက်မီ ဥရောပနိုင်ငံတစ်ခုသို့ ခြေစမ်းခရီး သွားရောက်မည့် အပြင် ဂျပန် (သို့) ကိုရီးယား နိုင်ငံတွင် သွားရောက်လေ့ကျင့်သွားမည် ဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းသည် ပြီးခဲ့သည့် မတ်လတွင် အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တရုတ်တိုင်ပေ၊ ဟောင်ကောင် အစရှိသည့် အသင်းများကို အနိုင်ရခဲ့ပြီး သြစတြေးလျအသင်းကို ရှုံးနိမ့်ခဲ့သည့် အတွက် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

မြန်မာ ယူ-၂၃ အသင်းသည် ယခုနှစ် ၂၀၁၅ တွင်ခြေစမ်းပွဲများ အပါအဝင် နိုင်ငံတကာ ပြိုင်ပွဲ ခြောက်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲနိုင် တစ်ပွဲသရေ သုံးပွဲရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည်။

Mizzima

0 comments:

Post a Comment