Pages

Subscribe:

Thursday, March 5, 2015

အောင်ပွဲခံရင်း မာတစ် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ဟု မော်ရင်ဟို ပြောကြား



အောင်ပွဲခံရင်း မာတစ် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ဟု မော်ရင်ဟို ပြောကြား

ချယ်လ်ဆီးအသင်း မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ကွင်းလယ်လူ နီမန်ယာ မာတစ်အနေဖြင့် ကက်ပီတယ်လ်ဝမ်း ဖလားဆွတ်ခူးပြီး အောင်ပွဲခံရာ၌ ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

မာတစ်သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် တော့တင်ဟမ် ဟော့စပါးကို (၂-၀)ဖြင့် အနိုင်ရသည့် အဆိုပါ ပွဲစဉ်တွင် ပါဝင်ကစားခွင့် မရခဲ့ချေ။ သို့သော်လည်း ၎င်း၏ အသင်းဖော်များ အားထုတ်မှုကြောင့် ချယ်လ်ဆီးသည် မော်ရင်ဟို၏ တစ်ကျော့ပြန် မန်နေဂျာ သက်တမ်းတွင် ပထမဆုံး အောင်မြင်မှု ဆုဖလားကို လက်ရ ဆွတ်ခူးနိုင်ခဲ့သည်။ ဝင်ဘလေတွင် အနိုင်ရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အသင်းဖော်များနှင့်အတူ မြက်ခင်းပေါ် ပြေးလွှားရင်း လျှောထိုး အောင်ပွဲခံရာ၌ ဆာဘီးယား ကစားသမားသည် ခြေကျင်းဝတ်ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း သိရသည်။

မော်ရင်ဟိုက မာတစ်၏ ဒဏ်ရာသည် မပြင်းထန်လှဘဲ လာမည့်သီတင်းပတ် PSGနှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပါဝင်နိုင်မည်ဟု ဆိုသည်။ “မာတစ် ဒဏ်ရာရခဲ့ပါတယ်။ ဖလားဗိုလ်လုပွဲအပြီး အောင်ပွဲခံရာကနေ ထိခိုက်သွားတာပါ။ အရမ်း ကြီးမားတဲ့ ဒဏ်ရာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူသာ ပွဲပယ်မခံထားရရင်လည်း ဒီနေ့ပွဲကို ကစားနိုင်မှာ မဟုတ်ဘူး”ဟု ဗုဒ္ဓဟူးနေ့ည၊ ဝက်စ်ဟမ်းယူနိုက်တက်ကို အနိုင်ရခဲ့သည့် ပွဲအပြီးတွင် မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းက “မာတစ်ရဲ့ ခြေကျင်းဝတ် လည်သွားပါတယ်။ သူက အဲဒီတုန်းက ညို့သကျည်းကာ ဝတ်ထားပေမယ့် အဲဒီအပေါ်မှာ တိပ်မပတ်ထားမိဘူး။ PSGနဲ့ ပွဲမှာတော့ သူဝင်ကစားနိုင်မှာပါ။ စနေ၊ တနင်္ဂနွေဆိုရင် သူလေ့ကျင့်ခန်း ပြန်ဆင်းနေလောက်ပါပြီ”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment