Monday, April 6, 2015
ပရီးမီးယားလိဂ် ချန်ပီယံဆုသည် ချယ်လ်ဆီးလက်ထဲ ရောက်သလောက် ဖြစ်နေပြီဟု ဟာဇက်ဆို
ပရီးမီးယားလိဂ် ချန်ပီယံဆုသည် ချယ်လ်ဆီးလက်ထဲ ရောက်သလောက် ဖြစ်နေပြီဟု ဟာဇက်ဆို
ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို မိမိတို့ လက်ဝယ်ပိုင်ပိုင် ဆွတ်ခူးရန် နီးစပ်သထက် နီးစပ်လာနေပြီဟု ချယ်လ်ဆီး တောင်ပံလူ အီဒင်ဟာဇက်က ပြောကြားလိုက်သည်။
စတုတ်ခ်စီးတီးကို (၂-၁)ဖြင့် အနိုင်ရခဲ့သည့်နောက် ဘယ်လ်ဂျီယံ လက်ရွေးစင် ဟာဇက်က ယင်းကဲ့သို့ ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် အဓိက ပြိုင်ဘက် မန်ချက်စတာစီးတီး၊ အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့ကို အမှတ်ဖြတ်ထားသည့်အပြင် တစ်ပွဲလျော့ ကစားထားသေးသည်။ ဟာဇက်က လက်ရှိ အနေအထားအရ ချယ်လ်ဆီး၏ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခွင့်ကို မည်သူမျှ တားဆီးနိုင်မည် မထင်ကြောင်း သုံးသပ်ခဲ့သည်။ “ကျွန်တော်တို့ အားလုံး ယုံကြည်မှု အပြည့် ရှိနေကြတယ်။ ကျွန်တော်တို့ဟာ အမှတ်ပေးဇယား အဆင့်(၁) နေရာမှာ ဆက်ရှိနေဆဲပါ။ တစ်ပွဲချင်းဆီ အမှားမခံဘဲ ရှေ့ဆက်ဖို့တော့ လိုပါတယ်။ ဆုဖလားက အခုဆို ကျွန်တော်တို့ လက်ထဲ ရောက်နေပြီလို့ ပြောနိုင်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ဂ်ျဆီ ချန်ပီယံ ဆုဖလားကို သယ်ယူလာချင်ပါတယ်”ဟု ဟာဇက်က ဆိုသည်။
၎င်းက “စတုတ်ခ်နဲ့ပွဲ ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေ တော်တော်များများ ဖန်တီးနိုင်ခဲ့တယ်။ ဘောလုံးကို လှလှပပ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် တစ်ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ သုံးလေးဂိုးထိ ရခဲ့သင့်တာပါ။ ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးက ကျွန်တော်တို့ နိုင်ခဲ့တာပါပဲ။ ဒီလို စွမ်းဆောင်ရည်မျိုးကို ရာသီကုန်ထိ ကျွန်တော်တို့ ထိန်းသိမ်းသွားဖို့ လိုပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။ ၎င်းက အဆိုပါ ပွဲတွင် အနိုင်ဂိုး သွင်းခဲ့သည့် တိုက်စစ်မှူး လွိုက်ရီမီကိုလည်း ချီးကျူးစကား ဆိုခဲ့သည်။
ဟာဇက်က “ရီမီဟာ ကွင်းထဲမှာ ရှိနေရင် ဘယ်အချိန်မဆို ဂိုးရအောင် သွင်းနိုင်သူပါ။ သူဟာ အသင်းအတွက် ဂိုးတွေ အများကြီး သွင်းယူပေးနိုင်ဖို့ ထိုက်တန်ပါတယ်”ဟု မှတ်ချက်ပြုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment