Thursday, April 9, 2015
မန်စီးတီး အနေဖြင့် ဝေဖန်ခံ ရမှုများနှင့် ထိုက်တန်ကြောင်း ကလစ်ချီ ဝန်ခံ
မန်စီးတီး အနေဖြင့် ဝေဖန်ခံ ရမှုများနှင့် ထိုက်တန်ကြောင်း ကလစ်ချီ ဝန်ခံ
လက်ရှိ အနေအထား အရ မန်ချက်စတာ စီးတီး အနေဖြင့် ဝေဖန်မှုများစွာနှင့် ကြုံနေရခြင်းမှာ မှန်ကန် ထိုက်တန်ကြောင်း နောက်ခံလူ ဂေးလ်ကလစ်ချီက ဝန်ခံ ပြောကြားခဲ့သည်။
ပြင်သစ် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်သမားက တနင်္ဂနွေနေ့တွင် မန်ချက်စတာ ယူနိုက်တက်နှင့် ကစားရမည့် ဒါဘီပွဲစဉ် မတိုင်မီ ဝေဖန်မှုများစွာကို ရင်ဆိုင် ဖြတ်သန်းရဦးမည်ဟု ဆိုသည်။ မန်စီးတီးသည် ခရစ္စတယ်လ် ပဲလေ့စ်ကို အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ရန် မဖြစ်နိုင်သလောက် မျှော်လင့်ချက် နည်းသွားပြီး အမှတ်ပေးဇယား အဆင့်(၄)ထိ ရောက်ရှိသွားသည်။ ပဲလေ့စ်ကို ရှုံးခြင်းသည် မန်စီးတီးအတွက် နောက်ဆုံး အဝေးကွင်း သုံးပွဲဆက် အရေးနိမ့်မှုလည်း ဖြစ်လာသည်။
အသင်း၏ စွမ်းဆောင်ရည်ပိုင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ကြုံနေရာ ကလစ်ချီက “ဝေဖန်မှုတွေက ထိုက်တန်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်တယ်။ ပဲလေ့စ်ကွင်းမှာ ကစားရတာဟာ ခက်ခဲတဲ့ ပွဲစဉ်တစ်ခု ဖြစ်မယ်မှန်း ကျွန်တော်တို့ သဘောပေါက်ခဲ့ပြီးသားပါ။ သူတို့ဟာ မန်နေဂျာ ပြောင်းလိုက်ကတည်းက ကစားပုံ ကောင်းလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အဆင့်မျိုးနဲ့ အသင်းတွေဟာ ဒီလိုပွဲစဉ်တွေကို မဖြစ်မနေ အနိုင်ကစားဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဝေဖန်မှုတွေကနေ ပုန်းရှောင်နေမှာ မဟုတ်ပါဘူး။ ဒီအရှုံးရလဒ်ကို ထားခဲ့ရပါမယ်။ ကျွန်တော်တို့ ပိုကောင်းလာဖို့ လိုပါတယ်”ဟု ဖွင့်ဟခဲ့သည်။
၎င်းက “လက်ရှိ ဖြစ်ပျက်နေတာတွေက အချိန်ကိုက်ပါပဲ။ တနင်္ဂနွေနေ့မှာ ကျွန်ေတာ်တို့ ယူနိုက်တက်နဲ့ သွားကစားရပါမယ်။ ကျွန်တော်တို့ဟာ ဒုတိယ နေရာကို လက်လွှတ်ခဲ့ရပြီး ဒီအတွက် ပရိသတ်တွေကို ပြန်ပေးဆပ်စရာ အများကြီး ရှိပါတယ်။ တနင်္ဂနွေနေ့ ညမှာတော့ မန်ချက်စတာမြို့ဟာ ပြာသလား၊ နီသလားဆိုတာ တွေ့ရမှာပါ။ ပရိသတ်တွေအတွက် ထူးကဲတဲ့ နေ့တစ်နေ့ ဖြစ်စေဖို့တော့ ကျွန်တော် မျှော်လင့်ထားမိပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment