Wednesday, April 8, 2015
လီဗာပူးလ်၏ ဖန်တီးမှု စွမ်းရည်ပိုင်းကို မြှင့်တင်ရန် လိုအပ်ဟု ရော့ဂျာဝန်ခံ
လီဗာပူးလ်၏ ဖန်တီးမှု စွမ်းရည်ပိုင်းကို မြှင့်တင်ရန် လိုအပ်ဟု ရော့ဂျာဝန်ခံ
လီဗာပူးလ် အနေဖြင့် ဖန်တီးမှုစွမ်းရည်ပိုင်းတွင် ပိုမိုအားကောင်းရန် လိုအပ်ချက် ရှိနေကြောင်း အသင်းမန်နေဂျာ ဘရန်ဒန် ရော့ဂျာက မှတ်ချက်ပြု ပြောကြားလိုက်သည်။
လီဗာပူးလ်သည် ၎င်းတို့၏ နောက်ဆုံးလေးပွဲတွင် သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရလဒ်များလည်း အားနည်းခဲ့သည်။ ယခုအခါ လီဗာပူးလ်သည် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား စတုတ္ထ နေရာကို မျှော်လင့်ရန်ပင် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်။ မိမိတို့အနေဖြင့် အကောင်းဆုံး စွမ်းဆောင်ရည်များကို ပြန်လည် ပိုင်ဆိုင်ရန်အတွက် ဖန်တီးမှု အရည်အသွေးကို မြှင့်တင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရော့ဂျာက ဝန်ခံခဲ့သည်။ လီဗာပူးလ်သည် (၁၃)ပွဲဆက်တိုက် ရှုံးပွဲမရှိ ဖြတ်သန်းပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက် မျှော်လင့်ချက်များ အားကောင်းခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲတွင် မန်ချက်စတာ ယူနိုက်တက်နှင့် အာဆင်နယ်တို့ကို ဆက်တိုက် အရေးနိမ့်ခဲ့သည်။
ရော့ဂျာက ရလဒ်များ ကျဆင်းနေခြင်းသည် ကစားကွက်ပိုင်းနှင့် မဆိုင်ကြောင်း ဆိုသည်။ “ဟင့်အင်း။ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး။ ဒီအပိုင်းကို ပြန်ကြည့်ရင် ကျွန်တော်တို့ဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ စောစောစီးစီး အခွင့်အရေးတချို့ ဖန်တီးနိုင်ခဲ့သင့်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အစမကောင်းခဲ့ဘူး။ ဒီအခြေအနေမှာ ကစားကွက်က ဘာဆိုတာ အရေးမကြီးတော့ဘူး။ နောက်ဆုံးလေးပွဲမှာ ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ လုံလောက်တဲ့ ဖန်တီးနိုင်စွမ်းမျိုးတော့ မရှိခဲ့ဘူး။ ပြိုင်ဘက်တွေရဲ့ အစွမ်းကို အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ဟာ ဘယ်ပွဲမှာမဆို ကိုယ့်ကို ပြိုင်ဘက်က စနစ်တကျ ပြင်ဆင် ခုခံရလောက်အောင် စွမ်းဆောင်နေဖို့ လိုပါတယ်”ဟု ရော့ဂျာက မှတ်ချက်ပြုခဲ့သည်။
၎င်းက “ဘလက်ဘန်းရိုဗာနဲ့ FAဖလား ပထမအကျော့ ပွဲစဉ်တုန်းက ကျွန်တော်တို့ ဂိုးမရှိ သရေကျခဲ့တယ်။ အဲဒီနောက်ပိုင်း ပွဲစဉ်တွေမှာ ကျွန်တော်တို့ဟာ လုံလောက်တဲ့ ဖန်တီးမှုမျိုးတွေ မလုပ်နိုင်ခဲ့ဘူး။ ကိုယ်က အခွင့်အရေးတွေ ဖန်တီးပြီး အဲဒီအခွင့်အရေးတွေကိုလည်း လက်တွေ့ အသုံးချဖို့ လိုပါတယ်။ အသင်းရဲ့ လက်ရှိကစားကွက်ဟာ ခုခံရခက်တဲ့ အခင်းအကျင်းပါ။ ပြီးတော့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပြီးသား ပုံစံမျိုး ဖြစ်ပါတယ်။ ကျွန်တော့် အလုပ်က အသင်းရဲ့ လက်ရှိအနေအထားအတွက် အဖြေရှာဖို့ပါ။ ကျွန်တော်တို့ အနေနဲ့ အနိုင်ရလဒ်တွေ ဖန်တီးယူဖို့ အဖြေကို ရှာဖွေရပါလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment