Wednesday, April 8, 2015
ယူနိုက်တက်၏ လက်ရှိခြေစွမ်းအပေါ် မန်စီးတီး ထိတ်လန့်နေလိမ့်မည်ဟု ဗန်ဂါးလ်ဆို
ယူနိုက်တက်၏ လက်ရှိခြေစွမ်းအပေါ် မန်စီးတီး ထိတ်လန့်နေလိမ့်မည်ဟု ဗန်ဂါးလ်ဆို
လာမည့်ရက်သတ္တပတ်တွင် ယှဉ်ပြိုင်ကစားရမည့် မန်ချက်စတာဒါဘီပွဲစဉ် မတိုင်မီတွင် မန်ချက်စတာစီးတီး အနေဖြင့် မန်ချက်စတာယူနိုက်တက်၏ လက်ရှိခြေစွမ်း တိုးတက်လာမှုအပေါ် ထိတ်လန့်နေလိမ့်မည် ဖြစ်ကြောင်း လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာအတွက် ယှဉ်ပြိုင်နေသည့် ယမန်ချက်စတာယူနိုက်တက်နှင့် မန်ချက်စတာစီးတီးသည် လာမည့် တနင်္ဂနွေနေ့တွင် အိုးထရတ်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ ဗန်ဂါးလ်၏ ယူနိုက်တက်သည် နောက်ဆုံး ငါးပွဲစလုံးကို အနိုင်ရရှိထားကာ တနင်္လာနေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ကစားရမည့် မန်ချက်စတာစီးတီးနှင့် တစ်မှတ်အကွာ တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
ထို့နောက် ယူနိုက်တက် မန်နေဂျာ ဗန်ဂါးလ်က ယူနိုက်တက်၏ အဝတ်လဲခန်းတွင် ယုံကြည်မှုများ မြင့်တက်လျက်ရှိနေကြောင်း ဆိုခဲ့သည်။ “လက်ရှိ အသင်းခြေစွမ်းက အသင်းကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း တက်ကြွစေသလို ပြိုင်ဘက်အသင်းတွေရဲ့ စိတ်ဓာတ်ပိုင်းမှာလည်း တစ်စိတ်တစ်ဒေသ ဖြစ်ပေါ်နိုင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့က ယုံကြည်မှု အရမ်းရှိနေပါပြီ။ သူတို့အနေနဲ့ ရမှတ်တစ်မှတ်ကိုတောင် ဆုံးရှုံးချင်စိတ် မရှိပါဘူး။ နောက်ပြီး ကျွန်တော်တို့က အိမ်ကွင်းမှာ အကြိမ်များစွာ ရှုံးနိမ့်ထားတာမျိုး မရှိပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
ယူနိုက်တက်သည် အိုးထရတ်ဖို့ဒ်တွင် စီးတီးနှင့် ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံး သုံးပွဲစလုံးကို ရှုံးနိမ့်ထားပြီး ပေးဂိုးမှာလည်း ၁၁ ဂိုးအထိရှိခဲ့သည်။ သို့သော်လည်း နိုဝင်ဘာလက အီတီဟတ်ကွင်းတွင် တွေ့ဆုံခဲ့ရာ၌ ပယ်လီဂရီနီ၏ အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲစဉ်တွင် မန်စီးတီးက ဆာဂျီယို အဂူရို၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ယူနိုက်တက်၏ ခြေစွမ်းက ပြောင်းလဲလာခဲ့ပြီး မန်နေဂျာ ဗန်ဂါးလ် လက်အောက်တွင် အခြေကျလာခဲ့သည်။
“ဒါဟာ အရင်နဲ့မတူညီတဲ့ မန်ချက်စတာယူနိုက်တက်ပါ။ ရာသီအစက ယူနိုက်တက်ရဲ့ အခြေအနေနဲ့ အခုအခြေအနေနဲ့က မတူတော့ပါဘူး။ ကျွန်တော်တို့ အသင်းရဲ့ ခြေစွမ်းက တိုးတက်လာပါပြီ။ ကစားသမားတွေရဲ့ ယုံကြည်ချက်ကလည်း အခုအချိန်မှာ အရမ်းကို မြင့်မားနေပါတယ်။ ခြေစွမ်းပိုင်းကလည်း အရမ်းကိုကောင်းလာပါပြီ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment