Friday, April 10, 2015
ဖယ်လ်ကာအိုသည် မိမိလေးစား ရသည့် တိုက်စစ်မှူး တစ်ဦးဟု အဂူရိုပြောကြား
ဖယ်လ်ကာအိုသည် မိမိလေးစား ရသည့် တိုက်စစ်မှူး တစ်ဦးဟု အဂူရိုပြောကြား
မန်ချက်စတာ ဒါဘီတွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့် ရာဒါမယ် ဖယ်လ်ကာအိုသည် ပြိုင်ဘက်တိုင်း အတွက် ခြိမ်းခြောက်နိုင်စွမ်း အမြင့်ဆုံး ရှိနေသော တိုက်စစ်မှူးမျိုးဟု ဆာဂျီယို အဂူရိုက ထောက်ခံခဲ့သည်။
တနင်္ဂနွေနေ့တွင် အိုးလ်ထရက်ဖို့ဒ်၌ မြို့ခံပြိုင်ဘက်နှင့် ဒါဘီပွဲ ဆင်နွှဲရန် ပြင်ဆင်နေသည့် မန်ချက်စတာစီးတီး၏ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးက မန်ချက်စတာ ယူနိုက်တက်မှ ကိုလံဘီယာ လက်ရွေးစင်ကို ချီးကျူးစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဖယ်လ်ကာအိုသည် လတ်တလောတွင် မိုနာကိုမှ ယူနိုက်တက်သို့ တစ်ရာသီ အငှားလာကစားသော်လည်း မန်နေဂျာ လူးဝစ်ဗန်ဂါးလ်၏ ဗျူဟာတွင် အံမဝင်ဘဲ ရုန်းကန်နေရသည်။ ဖယ်လ်ကာအိုသည် ယူနိုက်တက် ကစားသမား ဘဝတွင် လေးဂိုးသာ သွင်းယူထားနိုင်ပြီး ရာသီကုန်တွင် အသင်းမှ ထွက်ခွာရမည်ဟု သတင်းကြီးလျက် ရှိသည်။ ၎င်းသည် ယူနိုက်တက်ကို မရောက်မီက ဥရောပ၏ အထက်မြက်ဆုံး တိုက်စစ်မှူး တစ်ဦးအနေဖြင့် ပေါ်တို၊ အက်သလက်တီကို မက်ဒရစ်နှင့် မိုနာကိုတို့တွင် တောက်ပခဲ့ဖူးသည်။
ဖယ်လ်ကာအိုနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် သတင်းထောက်များက တောင်းဆိုသည့်အခါ အဂူရိုက “ဒီရာသီ ကြုံနေရတာတွေက သူ့အတွက် ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စူးစိုက်အားထုတ်မှု၊ အဆင့်အတန်းနဲ့ အရည်အသွေးတွေကို ကျွန်တော် အမြဲတမ်း လေးစားခဲ့တာပါ။ သူ့အဆင့်ဟာ အမြဲတမ်း တည်မြဲနေမှာပါ။ ဖယ်လ်ကာအိုဟာ ဒီကနေ့ခေတ် ဘောလုံးလောကမှာတော့ တိုက်စစ်မှူး တစ်ဦးအနေနဲ့ အပြည့်စုံဆုံး ပင်ကို သဘာဝမျိုး ချီးမြှင့် ခံထားရသူ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ မန်စီးတီးသည် ပြီးခဲ့သည့်လေးကြိမ် တွေ့ဆုံမှုတွင် ယူနိုက်တက်ကို အနိုင် ရထားသော်လည်း အိုးလ်ထရက်ဖို့ဒ်တွင် တနင်္ဂနွေနေ့ ရင်ဆိုင်ရာ၌ မည်သို့မည်ပုံ ရလဒ် ထွက်ပေါ်လာမည်ကို မမှန်းဆနိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။
“ယူနိုက်တက်မှာ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေ အများကြီးပဲ။ သူတို့တွေ အချိတ်အဆက် မိသွားတဲ့ အခါမျိုးဆိုရင် မယုံနိုင်လောက်အောင် စုစည်း ကျစ်လစ်သွားလေ့ ရှိတယ်။ ဒါပေမဲ့ တစ်ရာသီလုံး ဒီလိုဖြစ်နေမှာတော့ မဟုတ်ဘူး။ တချို့ပွဲတွေမှာ သူတို့ဟာ အမြင့်ဆုံးအဆင့် မကစားပြနိုင်ဘူး။ သူတို့ဆီမှာ ရှိတဲ့ တိုက်စစ်အင်အားကို အပြည့်အဝ မသုံးနိုင်ဘူး။ ဒါပေမဲ့ တချို့ပွဲတွေမှာကျတော့လည်း သူတို့ရဲ့ အဆင့်အတန်းကို ပြောင်ပြောင်မြောက်မြောက် ပြသခဲ့တယ်။ ပြောရရင် ယူနိုက်တက်က မှန်းလို့မရတဲ့ အသင်းပါ။ ဘာပဲဖြစ်ဖြစ် သူတို့ကို အနိုင်ယူဖို့ဆိုရင် ကျွန်တော်တို့ ခြေစွမ်းက အကောင်းဆုံး ဖြစ်နေဖို့တော့ လိုပါလိမ့်မယ်။ ဒါကိုတော့ သံသယ မရှိပါဘူး”ဟု အဂူရိုက မှတ်ချက်ပြုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment