Thursday, April 9, 2015
စတာလင်က အိုဇေးလ်ထက် ပိုကောင်းကြောင်း အိုဝင်မှတ်ချက်ပြု
စတာလင်က အိုဇေးလ်ထက် ပိုကောင်းကြောင်း အိုဝင်မှတ်ချက်ပြု
ရာဟင်မ်စတာလင်သည် မီဆွတ်အိုဇေးလ်ထက် ပိုကောင်းသော ကစားသမားဖြစ်ကြောင်း မိုက်ကယ်အိုဝင်က မှတ်ချက်ပြု ပြောကြားလိုက်သည်။
လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း အိုဝင်က လက်ရှိ လီဗာပူးလ် အသင်း၏ အင်္ဂလန် လူငယ်ခြေတက် ကစားသမားလေး စတာလင်သည် အရည်အသွေး အလွန်မြင့်မား ထက်မြက်သူ တစ်ဦးအဖြစ် ထောက်ခံခဲ့သည်။ အသက်(၂၀) အရွယ်ရှိ စတာလင်သည် လီဗာပူးလ်နှင့် စာချုပ်သက်တမ်း တိုးရန် ငြင်းဆိုထားရာ ယင်းအခြေအနေကို အာဆင်နယ်က စောင့်ကြည့်နေကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။ အိုဝင်က စတာလင်သည် အာဆင်နယ်၏ ဂျာမန် လက်ရွေးစင် ကွင်းလယ်လူ အိုဇေးလ်ထက် အရည်အသွေး ပိုသာပြီး အာဆင်နယ်တွင် အကောင်းဆုံး ခြေစွမ်းပြနိုင်မည့် အခြေအနေရှိကြောင်း သုံးသပ်ခဲ့သည်။
မကြာသေးမီက အာဆင်နယ်နှင့် လီဗာပူးလ်တို့ ပရီးမီးယားလိဂ်တွင် ဆုံတွေ့ခဲ့ရာ၌မူ အိုဇေးလ်က အာဆင်နယ်အတွက် ဂိုးသွင်းပြီး (၄-၁)ဖြင့် အနိုင်ရအောင် ကူညီပေးခဲ့သော်လည်း စတာလင်ကမူ အခွင့်ကောင်း အချို့ကို ဖြုန်းတီးမိခဲ့သည်။ အိုဝင်က အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် စတာလင်ကို အမှန်တကယ် မျက်စိကျနေမည်ဟု ယုံကြည်ကြောင်း ဆိုသည်။ “ကျွန်တော်ကတော့ အဲဒီလိုပဲ ထင်တယ်။ အာဆင်နယ်က နည်းလမ်းတစ်ခုခုတော့ ရှာလိမ့်မယ်။ စတာလင်က အိုဇေးလ်ထက် ပိုကောင်းပါတယ်။ ပြီးတော့ ဒန်နီဝဲလ်ဘက်ထက်လည်း ပိုကောင်းတယ်လေ”ဟု အိုဝင်က ပြောကြားသွားသည်။
၎င်းက စတာလင်သည် အိုဇေးလ်ထက် ပိုကောင်းကြောင်း ၎င်း၏ မှတ်ချက်အပေါ် ဝေဖန်မှုများအတွက် စိတ်မဝင်စားကြောင်းလည်း ဆိုသည်။ ၎င်း၏ Sportlobster ဝက်ဘ်ဆိုက် စာမျက်နှာတွင် အိုဝင်က “စတာလင်က အိုဇေးလ်ထက် ပိုကောင်းတယ်လို့ ကျွန်တော် ပြောခဲ့တဲ့ စကားဟာ ဒီနေ့မှာ ခေါင်းကြီးပိုင်း သတင်း ဖြစ်လာတာ တွေ့ရတယ်။ ဒီကိစ္စက အငြင်းပွားနေဖို့ လိုသလားဗျာ။ ကျွန်တော်ကတော့ လုံးဝမထင်ပါဘူး”ဟု ရေးသားထားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment