Pages

Subscribe:

Tuesday, March 3, 2015

ဒက်ဆယ်လီ ကဲ့သို့ ချယ်လ်ဆီး ဂန္ထဝင်တစ်ဦး ဖြစ်လာရန် ဇူးမားမျှော်လင့်



ဒက်ဆယ်လီ ကဲ့သို့ ချယ်လ်ဆီး ဂန္ထဝင်တစ်ဦး ဖြစ်လာရန် ဇူးမားမျှော်လင့်

ချယ်လ်ဆီး အသင်းတွင် တစ်နိုင်ငံတည်းသား မာဆယ် ဒက်ဆယ်လီကဲ့သို့ အောင်မြင်သော ဖြတ်သန်းမှုမျိုး ပိုင်ဆိုင်လိုကြောင်း ကတ်ဇူးမားက ဖွင့်ဟ ပြောကြားခဲ့သည်။

အသက်(၂၀) အရွယ်သာ ရှိသေးသည့် ပြင်သစ် ဗဟိုခံစစ် ကစားသမားလေးသည် ကက်ပီတယ်လ်ဝမ်း ဖလားဗိုလ်လုပွဲတွင် ၎င်းနှင့် အကျွမ်းတဝင် မရှိသည့် ကွင်းလယ်အဖျက် နေရာ၌ ဝင်ကစားပြီး အသင်းနိုင်ပွဲရအောင် အထောက်အကူ ပေးခဲ့သည်။ နီမန်ယာမာတစ် ပွဲပယ်ခံထားရသည့် အခြေအနေကြောင့် ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုသည် ဇူးမားကို ကွင်းလယ်ခံစစ်၌ နေရာချ ကစားစေခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးနှင့်အတူ ဦးဦးဖျားဖျား ဆုဖလားတစ်လုံး ရရှိခဲ့ပြီးနောက် ဇူးမားက မိမိသည် တစ်ချိန်က ဂန္ထဝင် ကစားသမားဟောင်း ဒက်ဆယ်လီကဲ့သို့ အသင်း၏ သမိုင်းကြောင်းတွင် အထင်ရှားဆုံး ခံစစ်သမား တစ်ဦးအဖြစ် ရပ်တည်လိုကြောင်း ဖွင့်ဟလာခဲ့သည်။ ဒက်ဆယ်လီသည် ယခုအခါ ကစားသမား ဘဝမှ အနားယူသွားပြီဖြစ်ပြီး ချယ်လ်ဆီးအတွက် (၂၁၁)ပွဲ ကစားပေးခဲ့သည်။

ဇူးမားက “မန်နေဂျာက ကျွန်တော်ဟာ ဒက်ဆယ်လီလို ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တကယ့်ကို မက်မောစရာ အခြေအနေမျိုးပါ။ ဒါပေမဲ့ တကယ် ဖြစ်လာမလာ ဆိုတာက ပြောဖို့ စောပါသေးတယ်။ ဒက်ဆယ်လီဟာ ချယ်လ်ဆီးမှာ ဂန္ထဝင်တစ်ယောက် ဖြစ်ပြီး ကျွန်တော်က (၁၀)ပွဲပဲ ကစားရသေးတယ်။ ကျွန်တော့်အသက်ကလည်း (၂၀)ပဲ ရှိပါသေးတယ်။ နောက်ထပ် တိုးတက်လာစရာ အခြေအနေတွေ အများကြီး ရှိသေးတယ်လေ”ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ဒက်ဆယ်လီဟာ ကျွန်တော့်အတွက် စံပြုကစားသမား တစ်ယောက်ပါ။ သူကစားနေပုံကို ငယ်ငယ်တုန်းက ကျွန်တော် အမြဲတမ်း စောင့်ကြည့်ဖြစ်ခဲ့တယ်။ သူဟာ အံ့ဩစရာတွေ စွမ်းဆောင်ပြခဲ့သလို ချယ်လ်ဆီးအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူ့လို ဖြစ်လာဖို့ဆိုရင် အမြဲတမ်း ကြိုးစားနေရမှာပါ” ဟုလည်း ဆိုသည်။

ဇူးမားက “ကျွန်တော် ဒက်ဆယ်လီနဲ့ လူချင်း ဘယ်တုန်းကမှ မတွေ့ဖူးသေးဘူး။ တစ်နေ့နေ့ ဖြစ်လာဖို့တော့ မျှော်လင့်ပါတယ်။ ကက်ပီတယ်လ်ဝမ်း ဗိုလ်လုပွဲမှာ ဝင်ကစားရလို့ ကျွန်တော် ပျော်ပါတယ်။ လူတိုင်းက ဆုဖလားတွေ လိုချင်နေတာလေ။ ကျွန်တော်က ဗဟိုခံစစ်သမား တစ်ယောက်ပါ။ ဒါပေမဲ့ မန်နေဂျာ ကျွန်တော်ဟာ ခိုင်းရင် ဗဟိုခံစစ်ဖြစ်ဖြစ်၊ ဘယ်ခြမ်းဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုက်စစ်မှူး၊ ဂိုးသမားနေရာကအစ ကျွန်တော် ဝင်ကစားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အသင်းကို အတတ်နိုင်ဆုံး ကူညီပေးနေချင်တယ်လေ”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar

0 comments:

Post a Comment