Tuesday, March 10, 2015
ဖယ်လ်ကာအိုကို ခေါ်ယူပြီး ဝဲလ်ဘက်ကို ရောင်းထုတ်ခဲ့ခြင်းအတွက် နောင်တမရဟု ဗန်ဂါးလ်ဆို
ဖယ်လ်ကာအိုကို ခေါ်ယူပြီး ဝဲလ်ဘက်ကို ရောင်းထုတ်ခဲ့ခြင်းအတွက် နောင်တမရဟု ဗန်ဂါးလ်ဆို
အာဆင်နယ်ထံသို့ ဒန်နီဝဲလ်ဘက်ကို ရောင်းထုတ်လိုက်ခြင်းအတွက် လုံးဝ နောင်တမရကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နွေရာသီက ယူနိုက်တက်သည် မိုနာကို တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအိုကို အငှားခေါ်ယူပြီးနောက် ဝဲလ်ဘက်ကို အသင်းပြောင်းရန် ခွင့်ပြုခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ဝဲလ်ဘက်သည် ယမန်နေ့ည FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် အိုးလ်ထရက်ဖို့ဒ်၌ အနိုင်ဂိုးသွင်းပြီး အာဆင်နယ်ကို အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်စေခဲ့သည်။ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်သည့် ဝဲလ်ဘက်သည် ထိုပွဲတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး ကိုလံဘီယာ လက်ရွေးစင် ဖယ်လ်ကာအိုမှာမူ အရန်ခုံမှပင် ထလာခွင့် မရခဲ့ချေ။
သတင်းထောက်များက ဖယ်လ်ကာအိုအတွက် လမ်းဖွင့်ပေးရန် ဝဲလ်ဘက်ကို ရောင်းထုတ်ခဲ့သည့် ဗန်ဂါးလ်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မေးမြန်းရာ နယ်သာလန်သား မန်နေဂျာကြီးက “ဖယ်လ်ကာအိုဟာ အသင်းအတွက် (၄)ဂိုး သွင်းထားတယ်။ ပြီးတော့ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် သုံးလေးကြိမ်လောက် ဖန်တီးပေးထားတယ်။ ပြီးတော့ သူဟာ အခုဆိုရင် အသင်းဖော်တွေရဲ့ ကစားကွက်မှာ ဝင်ဆံ့စ ပြုလာပြီ။ ဒါဟာ ပရော်ဖက်ရှင်နယ် ကဏ္ဍမှာ ကျေနပ်စရာ ရှုထောင့် တစ်ခုပဲ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ခင်ဗျားတို့ အနေနဲ့ ကိုယ်ပြောတဲ့ စကားအတွက် ပျော်နေနိုင်မယ့် အခြေအနေ မဟုတ်လား”ဟု တုံ့ပြန်သွားခဲ့သည်။
ဝဲလ်ဘက်၏ အနိုင်ဂိုးသည် ယူနိုက်တက် ကစားသမား အန်တိုနီယို ဗလန်စီယာ၏ နောက်ပြန်ပေးပုံ မသေသပ်ရာမှ ရရှိသွားခြင်း ဖြစ်သည်။ ဗန်ဂါးလ်က “ကိုယ့်ပြိုင်ဘက်ကို အနိုင်ရဖို့ ကိုယ်တိုင် လုပ်ပေးသလို ဖြစ်သွားတာက အရမ်းကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ ပြိုင်ဘက်ကြောင့် ရှုံးတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရှုံးသွားရတာမျိုးပါ။ ကစားသမားတွေ အနေနဲ့လည်း ဒီပွဲရလဒ်ဟာ အပြောင်းအလဲ ဖြစ်နိုင်မှန်း သိနေတာကြောင့် စိတ်ပျက်နေကြပါတယ်။ ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို ဂိုးနဲ့ပဲ ဆုံးဖြတ်တာပါ။ ဒုတိယဂိုးကို ကြည့်ပါ။ ဘာမှမဟုတ်ဘူး။ သူများဘက်ကို ကျွန်တော်တို့ အလွယ်တကူ သွင်းခွင့်ပေးလိုက်တယ်။ မှားသွားတဲ့ ကစားသမား ဆိုတာကလည်း ကျွန်တော့်အသင်းသားတွေထဲက အကောင်းဆုံး တစ်ယောက်ပါ။ သူ့အတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်မိတယ်”ဟု ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment