Pages

Subscribe:

Tuesday, March 3, 2015

ရာသီကုန်တွင် ဆောက်သမ်တန်အသင်း ၆၁ မှတ်ရရန် ရည်ရွယ်ထားကြောင်း ကိုးမန်း ပြောကြား



ရာသီကုန်တွင် ဆောက်သမ်တန်အသင်း ၆၁ မှတ်ရရန် ရည်ရွယ်ထားကြောင်း ကိုးမန်း ပြောကြား

ယခုနှစ် ဘောလုံးရာသီတွင် ဥရောပပြိုင်ပွဲ ဝင်ခွင့်ရရှိရန် အတွက် လက်ကျန် ၁၁ ပွဲတွင် အနည်းဆုံး ၅ ပွဲ ရရှိရန် ပစ်မှတ်ထားရှိကြောင်း ဆောက်သမ်တန် မန်နေဂျာ ရော်နယ်ကိုးမန်းက ပြောကြားလိုက်သည်။

ဆောက်သမ်တန်သည် နောက်ဆုံး ၅ ပွဲတွင် ၄ မှတ်သာ ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၆ တွင် ရပ်တည်လျက် ရှိသည်။

ထို့နောက် အင်္ဂါနေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ရမည့် ပွဲမတိုင်မီ ကိုးမန်းက “ကျွန်တော်တို့က အမှတ်ပေးဇယားရဲ့ အထက်ပိုင်းမှာ ရှိနေဆဲပါ။ တကယ်လို့ ၁၁ ပွဲမှာ ၅ ပွဲ အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စုစုပေါင်းရမှတ်က ၆၁ မှတ် ဖြစ်ပါပြီ။ ဒါဟာ ဥရောပပြိုင်ပွဲအတွက် လုံလောက်တယ်လို့ ထင်ပါတယ်။ တကယ်လို့ ၁၁ ပွဲမှာ ၇ ပွဲ ၈ ပွဲလောက် အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်တို့က အမှတ်ပေးဇယားရဲ့ အဆင့် ၄ မှာ ရပ်တည်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့က အသင်းကြီးအချို့နဲ့ ရင်ဆိုင်ရဦးမှာပါ” ဟု ကိုးမန်းက ပြောကြားခဲ့သည်။

ဆောက်သမ်တန်၏ လတ်တလော ပြဿနာသည် သွင်းဂိုးများ မရရှိခြင်း ဖြစ်ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲတွင် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ သွင်းဂိုးခန်းခြောက်သည့် ဖြစ်စဉ်အတွက် တိုက်စစ်မှူး ဂရာဇီယာနို ပယ်လီကို အပြစ်တင်မည် မဟုတ်ကြောင်း ကိုးမန်းက ငြင်းဆိုခဲ့သည်။

“သွင်းဂိုးတွေ မရရှိတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ပြိုင်ဘက်တွေက ကျွန်တော်တို့ရဲ့ တောင့်တင်းမှုကို သိရှိသွားခဲ့ကြတာပါပဲ။ ကျွန်တော်တို့က အခွင့်အရေးတွေ ဖန်တီးနိုင်နေပေမယ့် ဂိုးဧရိယာအတွင်းကနေ ယုံကြည်မှုရှိရှိနဲ့ သွင်းယူနိုင်ဖို့ လိုပါတယ်။ ဒါက အသင်းတစ်သင်းလုံးနဲ့ ဆိုင်ပါတယ်။ ပယ်လီ ဒါမှမဟုတ် အခြား တိုက်စစ်မှူးရဲ့ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်က ကစားသမားတစ်ယောက်တည်းအပေါ် အာရုံစိုက်တာမျိုးကို မနှစ်သက်ပါဘူး။ ပယ်လီက အရာရာတိုင်းအတွက် ကြိုးပမ်းနေသူပါ။ အခုအချိန်ဟာ သူ့အတွက် ခက်ခဲတဲ့အချိန် ဖြစ်ပေမယ့် သူ့လို အတွေ့အကြုံရင့် ကစားသမားတစ်ယောက် အနေနဲ့ အရည်အသွေးတွေ ပြသပြီး ဂိုးတွေသွင်းယူနိုင်ဖို့တော့ လိုပါတယ်” ဟု ကိုးမန်းက ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment