Pages

Subscribe:

Thursday, March 12, 2015

တစ်ယောက်လျော့ ပီအက်စ်ဂျီအဝေးဂိုးစည်းမျဉ်းနဲ့ ချဲလ်ဆီးကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက်



တစ်ယောက်လျော့ ပီအက်စ်ဂျီအဝေးဂိုးစည်းမျဉ်းနဲ့ ချဲလ်ဆီးကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက်

ချဲလ်ဆီးဟာ အိမ်ကွင်းမှာ ပီအက်စ်ဂျီအသင်းကို အီဒင်ဟာဇက်ရဲ့ အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရရှိပြီး နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပုံမှန်ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရတာဖြစ်ပါတယ်။
ပထမအကျော့က တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့လို့ ဒီပွဲမှာ နှစ်သင်းလုံးက ဂိုးရဖို့ထက် ဂိုးမပေးရဖို့ ထိန်းချုပ် ကစားခဲ့တာတွေ့ရပါတယ်။ ချဲလ်ဆီးဘက်က တိုက်စစ်မှူး ကော်စတာကို ရှေ့မှာအထောင်ထာပြီး ဖာဘရီဂတ်စ်၊ အော်စကာ၊ ဟာဇက်တို့ နဲ့ပွဲထွက်ခဲ့ပြီး ပီအက်စ်ဂျီအသင်းဘက်ကလည်း အီဗရာဟီမိုဗစ်ခ်ျ၊ ကာဗာနီ၊ ပက်စ်တိုရီတို့ကို တစ်ပြိုင်တည်းပွဲထုတ်ခဲ့ပါတယ်။
ပွဲချိန် ၁၀ မိနစ်ကျော်ကျော်လောက်မှာ ပီအက်စ်ဂျီအသင်း ချဲလ်ဆီးဘက်ကို ထိုးဖောက်ခွင့်တွေ ရလာခဲ့ပြီး ချဲလ်ဆီးဘက်က ထိန်းချုပ်ရခက်လာခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျရဲ့ ဖျက်ထုတ်မှု ကြမ်းတမ်းတယ်ဆိုပြီး ကွင်းလယ်ဒိုင် အငြင်းပွားဖွယ် တိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့ပါတယ်။ မကြာခင်မှာပဲ သီယာဂိုမော့တာကလည်း အဝါကတ် ထပ်မံပြသခံခဲ့ရပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ တိုက်စစ်မှူး ကော်စတာဒဏ်ရာရခဲ့ပေမယ့်လည်း ပြန်ကစားနိုင်ခဲ့ပါတယ်။
၄၉ မိနစ်မှာ ပြစ်ဒဏ်ဘောကတဆင့် ချဲလ်ဆီးကစားသမားဝီလီယံရဲ့ ကန်ချက်ကို ပီအက်စ်ဂျီဂိုးသမား အသည်းအသန်ကာကွယ်ခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းရဲ့ ခေါင်းတိုက်ဘောတွေကတွေကနေ ဂိုးတွေ သိပ်ပေးလေ့မရှိတဲ့ ချဲလ်ဆီးဟာ ဒီပွဲမှာ ပေးခဲ့ရတဲ့နှစ်ဂိုးလုံးကိုခေါင်းတိုက်ဘောကတဆင့် ပေးလိုက်ရတာဖြစ်ပါတယ်။
ပွဲချိန် ၅၈ မိနစ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီခြေစွမ်းပြ ထိုးဖောက်မှုကတဆင့် ဂိုးသမားကိုပါကျော်ပြီး ကန်ခွင့်ရခဲ့မယ့် အချိန်ယူတာများနေခဲ့လို့ ကန်သွင်းခွင့်သိပ်မသာခဲ့ပဲ ဂိုးဘေးက ကပ်ထွက်သွားခဲ့ရပါတယ်။ ပီအက်စ်ဂျီဟာ တစ်ယောက်လျော့နေပေနေမယ့်ချဲလ်ဆီးကို ဖိအားပေးနေဆဲဖြစ်ပြီး အထူးသဖြင့် ထောင့်ကန်ဘောနဲ့ အလွတ်တည်ကန်ဘောတွေကနေ ပိုပြီးခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကစားသမား ဟာဇက်ဟာလည်း ဒီပွဲမှာ ပြိုင်ဘက်တွေရဲ့ ကြမ်းတမ်းစွာကစားမှုကို အတော်လေး ခံခဲ့ရပါတယ်။ ပွဲချိန် ၈၀ ကျော်လာတဲ့အချိန်မှာတော့ ပီအက်စ်ဂျီရဲ့ ဖိအားပေးမှုကတောင် ပိုမိုအားသာလာခဲ့ပါတယ်။ ဒါပေမယ့် အဖွင့်ဂိုး စတင်ရရှိသွားတာကတော့ ချဲလ်ဆီးဖြစ်ပါတယ်။ ထောင့်ကန်ရရှိတာကို ဖာဘရီဂတ်စ်တင်ပေး လိုက်တာကတဆင့် ဂိုးသမားဆီက ပြန်ထွက်လာတဲ့ ဘောလုံးကို ဂယ်ရီကာဟေးလ်က အချိန်ကိုက်ရောက်ပြီး အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးဦးဆောင်ဂိုးရပြီးနောက် ပီအက်စ်ဂျီဟာ တစ်သင်းလုံးနီးပါး ဖိအားပေးလာခဲ့ပါတယ်။ လာဗက်ဇီ၊ ကာဗာနီစတဲ့ကစားသမားတွေ အခွင့်အရေးရခဲ့ပေမယ့်လည်း ဂိုးတော့ မရခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန် ၈၆ မိနစ်မှာ ပီအက်စ်ဂျီက မထင်မှတ်ပဲ ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ ထောင့်ကန်ဘောကို ချဲလ်ဆီးကစားသမားဟောင်းလည်းဖြစ်တဲ့ ပီအက်စ်ဂျီကစားသမား ဒေးဗစ်လုဇ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ အဲဒီဂိုးကြောင့်ပဲ နှစ်ကျော့ပေါင်းရလဒ် ၂-၂ ဖြစ်သွားခဲ့ပြီး အချိန်ပိုဆက်ကစားခဲ့ကြရပါတယ်။
ဒါပေမယ့် အချိန်ပိုစကစားပြီး ငါးမိနစ်လောက်အကြာမှာပဲ ချဲလ်ဆီးဘက်က ဦးဆောင်ဂိုးစရသွားပြန်ပါတယ်။ ပီအက်စ်ဂျီအသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားဟာ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ဟန့်တားခဲ့လို့ ချဲလ်ဆီးပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ ဒီပင်နယ်တီကို ဟာဇက်က အမှားအယွင်းမရှိ ကန်သွင်းပြီး ချဲလ်ဆီးဦးဆောင်ခဲ့ပြန်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာဟာ ထင်သလောက် အလုပ်မဖြစ်ခဲ့သေးတာကိုလည်း တွေ့ခဲ့ရပြန်ပါတယ်။ လူစားဝင်လာတဲ့ ဒရော့ဘာလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့်အချိန်ပို ဒုတိယပိုင်း ၁၅ မိနစ်ပြီးဆုံးဖို့ ငါးမိနစ်လောက်အလိုမှာ ပီအက်စ်ဂျီက မထင်မှတ်တဲ့ ချေပဂိုးရသွားပြန်ပါတယ်။
ထောင့်ကန်ဘောကတဆင့် ပီအက်စ်ဂျီအသင်းခေါင်ေးဆာင် ဆေးဗား ခေါင်းတိုက်တာကို ချဲလ်ဆီးဂိုးသမား ကော့တွစ် ပထမတကြိမ်ကာကွယ်နိုင်ခဲ့ပြီး ထောင့်ကန်ဘော ထပ်ဖြစ်ခဲ့ပါတယ်။ ဒီထောင့်ကန်ဘောကိုပဲ ဆေးလ်ဗားက ဒုတိယအကြိမ်ခေါင်တိုင်းပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ တွေ့ခဲ့ရတဲ့ လေးဂိုးမှာ ပီအက်စ်ဂျီဘက်က နှစ်ဂိုးနဲ့ ချဲလ်ဆီးဘက်ကတစ်ဂိုးဟာ ထောင့်ကန်ဘောတွေကသာ သွင်းယူသွားခဲ့ကြတာ တွေ့ရပါတယ်။ နောက်ခံကစားသမား သုံးဦးက သုံးဂိုးသွင်းပြီး ကျန်တစ်ဂိုးကို ပင်နယ်တီကတဆင့် ဟာဇက်က သွင်းယူခဲ့တာပါ။
ပွဲအပြီးမှာတော့ နှစ်ကျော့ပေါင်းရလဒ် တစ်ဖက် သုံးဂိုးစီရပြီး ပီအက်စ်ဂျီက အဝေးဂိုးစည်းမျဉ်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Soccer Myanmar

0 comments:

Post a Comment