Tuesday, March 10, 2015
အာဆင်နယ်နှင့်ပွဲမှ အမှားများအတွက် ဗလန်စီယာနှင့် ဘလင်းတို့ကို ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်
အာဆင်နယ်နှင့်ပွဲမှ အမှားများအတွက် ဗလန်စီယာနှင့် ဘလင်းတို့ကို ကိန်း ပြင်းပြင်းထန်ထန် ဝေဖန်
FAဖလား ကွာတားဖိုင်နယ် အဆင့်တွင် အာဆင်နယ်ကို အရေးနိမ့် ထွက်ခွာရမှုနှင့် ပတ်သက်ပြီး အန်တိုနီယို ဗလန်စီယာနှင့် ဒါလေဘလင်းတို့ကို မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဗလန်စီယာသည် အာဆင်နယ်အသင်း သွင်းယူသည့် ဂိုးနှစ်ဂိုးစလုံးအတွက် အမှားမကင်းခဲ့သူဖြစ်ပြီး ဘလင်းသည် နာချိုမွန်ရီရဲလ်၏ ပထမဂိုးတွင် ဗလန်စီယာနှင့်အတူ ဟန့်တားပိတ်ဆို့ရန် ပျက်ကွက်ခဲ့သည်။ ဒုတိယဂိုးကို အာဆင်နယ် တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်က သွင်းယူရာတွင်လည်း ကစားကွက်ကြောင့် ရသွားခြင်း မဟုတ်ဘဲ ဗလန်စီယာ၏ နောက်ပြန်ပေးမှု မသေသပ်ရာမှ အခွင့်အရေး ယူသွားခြင်း ဖြစ်သည်။ ကိန်းက ပထမဂိုးတွင် အဲလက်စ်အော့စ်လိဒ် ချမ်ဘာလိန်က မွန်ရီရဲလ်အတွက် အကွက်ဆင်မပေးမီ ဘလင်းနှင့် ဗလန်စီယာတို့က တားဆီးနိုင်ခဲ့သင့်ကြောင်း ဆိုသည်။
“အသင်းကစားပုံက တစ်ခါတစ်လေ လုံးဝကြီး ပွင့်ထွက်နေတယ်။ ပထမဂိုး ပေးလိုက်ရပုံက တုန်လှုပ်စရာပဲ။ ဘလင်းနဲ့ ဗလန်စီယာတို့ဟာ တကယ့်ကို ရှက်စရာပုံစံမျိုး ဖြစ်သွားတယ်။ သူတို့အဆင့်က ကျောင်းသားလေးတွေ မှားနေကျ အမှားမျိုး လုပ်လို့မရဘူးလေ။ ဒီအချက်က အသင်းကို နစ်နာသွားစေခဲ့တယ်။ ဘောလုံးပွဲ တစ်ပွဲရဲ့ တကယ့် အချိန်ကောင်းမှာ အာဆင်နယ်ကို အခွင့်အရေး ပေးလိုက်ရင် သွားပြီပေါ့။ သူတို့မှာ အရည်အသွေးရှိတယ်။ ဖြစ်ခဲ့သမျှ အခြေအနေတွေကတော့ လွယ်လွန်းတယ်။ ဆိုးလွန်းတယ်။ ပြောရရင် တကယ့်ကို ရှက်စရာကြီးပဲ”ဟု ကိန်းက ဝေဖန်ခဲ့သည်။
၎င်းက ဒုတိယဂိုးနှင့် ပတ်သက်ပြီး “ပိုဆိုးတယ်။ ဖီးလ်ဂျုံးစ်ဟာ ဘောလုံးရှင်းထုတ်ဖို့ အချိန်ရခဲ့တယ်။ သူဒီထက်ကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်။ အခုတော့ ကိစ္စတစ်ခုလုံးက ဗလန်စီယာနဲ့ပဲ ဆိုင်သွားတော့တယ်”ဟု ဆိုသည်။ ၎င်းက ဂိုးသမား ဒေးဗစ်ဒီဂီယာ အနေဖြင့် ဒန်နီဝဲလ်ဘက်ကို ခပ်ကြမ်းကြမ်း တားဆီးကာ အနီကတ်နှင့်ရင်းပြီး ဂိုးမပေးရအောင် အားထုတ်ခဲ့သင့်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ “ဂိုးသမားက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံလိုက်တာမျိုး ဆိုပါတော့။ ဝဲလ်ဘက်ကို တားရမယ်။ တစ်ခါတစ်လေတော့လည်း အဲဒီလို စတေးမှုမျိုးတွေ လိုတတ်ပါတယ်”ဟု ကိန်းက ပြောဆိုသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment